Rakhine local business
test1

သဘာဝဆေးဖက်ဝင် အုန်းဖူးခြောက်(ဓနိဖူးခြောက်) လုပ်ငန်းကို ရခိုင်တွင် စတင်ထုတ်လုပ်မှုရှိလာ


Western News – ဇွန်လ၊ ၈ ရက်

မြစ်ဝကျွန်းပေါ်ဒေသတွင် ပေါက်ရောက်တတ်သော အုန်းတော(ဓနိတော) မှထွက်သည့် အဖူးအား အခြောက်လှန်း ၍ အုန်းဖူးခြောက်(ဓနိဖူးခြောက်) ကိုရခိုင်ဒေသတွင် ထုတ်လုပ်မှုရှိလာကြောင်းသိရသည်။

ထိုအုန်းဖူးခြောက်(ဓနိဖူးခြောက်) ထုတ်လုပ်မှုကို ၂၀၂၀ ခုနှစ် ၁၁ လပိုင်းကစ၍ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ကုန်ကြမ်းပိုင်းနှင့် ပတ်သက်၍ ကွင်းဆင်းသင်ကြားပေးမှုများပြုလုပ်ခဲ့ရကြောင်း၊ ကုန်ပစ္စည်းအား ၅ လပိုင်းလောက် ကမှ စတင်ရောင်းချမှုရှိသေးကြောင်း လခြမ်းမြီ(ဓနိဖူးခြောက်) ထုတ်လုပ်သည့် စစ်တွေမြို့ မောလိပ်ရပ်ကွက်မှ မအေးစန္ဒာဌေး မှပြောသည်။

“ကျမတို့အနေနဲ့ ဒီအုန်းဖူးခြောက်(ဓနိဖူးခြောက်) ထုတ်လုပ်မယ်ဆိုပြီး ၁၁ လပိုင်းလောက်တည်းက အစီစဉ်ချပြီး တော့ ကုန်ကြမ်းထုတ်လုပ်မှုပိုင်းတွေကို ကွင်းဆင်းပြီးသင်ကြားပေးတယ်။ ကုန်ပစ္စည်းစရောင်းတာကတော့ တစ်လ လောက်ပဲရှိပါသေးတယ်။ ကုန်းကြမ်းတွေကတော့ ရသေ့တောင်နယ်ဖက်နဲ့ မယူကမ်းဘက်တွေကယူပါတယ်” ဟုဆိုသည်။

 

လက်ရှိတွင် မိမိရခိုင်ပြည်၌ ကုန်ထုတ်လုပ်မှုတစ်ခု အောင်မြင်နိုင်စေရန်ကြိုးပမ်းနေခြင်းဖြစ်ပြီး ပြည်ပသို့တင်ပို့နိုင် ရန်လည်းကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ အုန်းဖူးခြောက်(ဓနိဖူးခြောက်) ကုန်ကြမ်းတင်သွင်းနိုင်ခြင်းကြောင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွား ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် အဆိုပါလုပ်ငန်းများ တွင်ကျယ်စွာလုပ်ဆောင်နိုင်လျှင် ပိုအကျိုးရှိနိုင်ကြောင်း ရသေ့တောင်မြို့နယ် စေတီပြင်အုပ်စု ကျောက်ရန်ကျေးရွာမှ မမြင့်မြင့်ခင် မှပြောသည်။

“ပုံမှန်ဆိုစားလို့ရနိုင်တာကလွဲပြီး ဘာမှအသုံးပြုလို့မရဘူးဖြစ်နေတယ်ပေါ့နော်။ ခုလိုမျိုး ထုတ်လုပ်မှုတစ်ခုရှိလာတယ်ဆိုတော့ ကျမတို့အေနေနဲ့လည်း ဝင်ငွေတစ်ခုထပ်တိုးတာပေါ့၊၊ ပြီးတော့ ဒီအုန်းဖူးခြောက် (ဓနိဖူးခြောက်) ကကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ရခိုင်ပြည်မှာ ဒီလိုလုပ်ငန်းမျိုး ပိုပြီးလုပ်လာနိုင်ရင် ပိုကောင်းမှာပေါ့ နော်၊၊ ကျမတို့ ဆီမှာက အုန်းတော(ဓနိတော) တွေကပေါမှပေါပဲလေ” ဟုဆိုသည်။

အဆိုပါ အုန်းဖူးခြောက်(ဓနိဖူးခြောက်) ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးဖြင့်သောက်သုံးရခြင်းဖြစ်ပြီး နှလုံးသွေးတိုးနှင့် ဆီးချိုရောဂါများအတွက် အထူးကောင်းမွန်ကြောင်းနှင့် ကိုရီးယားနိုင်ငံ၌လည်း ဝယ်ယူသောက် သုံးမှုများရှိကြောင်းသိရသည်။

အုန်းဖူးခြောက်(ဓနိဖူးခြောက်)၏ အကျိုးကျေးဇူး များကိုသိရှိ၍ ကုန်ပစ္စည်းစတင်ထုတ်လုပ်ခဲ့ကာ ပြည်တွင်းပြည်ပ ဈေးကွက်များ တင်သွင်းမှုရှိနေပြီဖြစ်ကြောင်း သဘာဝရတနာ ဓနိဖူးခြောက်လုပ်ငန်းမှ မအေးမြမြစံကပြော သည်။

“ဓနိဖူးခြောက်ရဲ့ အကျိုးကျေးဇူးနဲ့ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ်၊၊ အဲဒီကနေ ဓနိဖူးခြောက်ရဲ့ အကျိုးကျေးဇူးတွေကိုသိလိုက်ရပြီး ကုန်ပစ္စည်းတစ်ခုထုတ်ဖို့စိတ်ကူးရသွားတယ်။ ကျမတို့နိုင်ငံမှာက ရေနွေးကြမ်းက အဓိကသောက်သုံးမှုရှိတဲ့အထဲမှာပါတယ်။

အဲဒါနဲ့ဆက်စပ်ပြီး ဓနိဖူးခြောက်ကိုထုတ်ဖြစ်တယ် ပေါ့နော်။ ခုကတော့ ပြည်တွင်းမှာ ဈေးကွက်တစ်နေရာရနေပြီ။ ပြည်ပဈေးကွက် အနေနဲ့ကတော့ ကိုးရီးယားကနေပြီး ကျမတို့ဆီက ကုန်ကြမ်းတွေ မှာတာတော့ ရှိပါတယ်” ဟုဆိုသည်။

ကိုးရီးယားနိုင်ငံတွင် ဓနိနှင့်ပတ်သက်၍ ထုတ်လုပ်သည့် ကုန်ပစ္စည်းအမျိုးပေါင်း ၉၀ ကျော်ရှိပြီး စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများလည်း အပါအဝင်ဖြစ်ကြောင်း သူကဆက်ပြောသည်။

အုန်းတော(ဓနိတော) သည်ရခိုင်ကမ်းရိုးတန်းတွင် အများဆုံးပေါက်ရောက်သောအပင်တစ်မျိုးဖြစ်ပြီး အရွက်ကို ခေါင်မိုးရာတွင် အသုံးပြုပြီး ရိုးတံကို ထင်းအဖြစ်အသုံးပြုနိုင်ကာ ၎င်းအပင်မှ တခြား အုန်းရန်(ဓနိရည်)၊ထန်းလျက်၊ သကြားနှင့် သကာရည် စသည့်တို့ကိုလည်း ထုတ်လုပ်ရရှိနိုင်သောအပင်တစ်မျိုးဖြစ်သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်