Arakan Army leader's brother
test1

AA တပ်မှူးချုပ်၏ ယောက်ဖ၊ ညီမနှင့် ညီဖြစ်သူအပါအဝင် ၁၀ ဦး တရားသေလွတ်မြောက်


Western News – ဇွန် ၉ ရက်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖ၊ ညီမနှင့် ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ၁၀ ဦးမှာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် တရားသေလွတ်မြောက်လာကြောင်းမိသားစုဝင်များက Western News ကို ပြောသည်။

အဆိုပါ လွတ်မြောက်လာသူ ၁၀ ဦး၏ အမှုကို တရားလိုဖက်မှ ပြီးခဲ့သည့်အပတ်ရုံးချိန် ဇွန် ၂ ရက်က ရုပ်သိမ်းလွှာတင်ခဲ့ပြီးနောက် ယနေ့ ဇွန်လ ၉ ရက်နေ့တွင် လွတ်မြောက်လာခြင်းဖြစ်သည်။

လွတ်မြောက်လာသူ ကိုတင်လှိုင်ဦး၏ ဇနီး ဒေါ်မူမူခိုင်က ” အားလုံးသူ လွတ်လာပါတယ်။ တရားသေလွတ်လာတာ။ ၁၂ နာရီ ၄၅ မိနစ်လောက်က လွတ်တာ” ဟု Western News ကိုပြောသည်။

ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးတို့မှာပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က AA ကို ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့စဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

AA တပ်မှူးချုပ် ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသူများမှာ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေးနှင့် ရွှေလှိုင်သန်းတို့ဖြစ်သည်။

ကိုအောင်မြတ်ကျော်အပါဝင် ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် ဒုရဲမှူးတင်ရွှေမှ တရားလိုပြုလုပ်ပြီး ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင်တရားရုံးတွင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် AA တပ်မှူးချုပ်၏ ယောက်ဖဖြစ်သူ ကိုကျော်နိုင်သည် ထိုင်းနိုင်ငံတွင် ဆေးကုသခံယူပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ မြန်မာနိုင်ငံသို့ပြန်လာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။

အလားတူ AA တပ်မှူးချုပ်၏ ညီမဖြစ်သူ မမိုးနှင်းဖြူမှာလည်း သူမ၏ ခင်ပွန်းဖြစ်သူ ကိုကျော်နိုင်ကို လေဆိပ်သို့လာရောက်ကြိုဆိုစဉ်မှာ သမီးဖြစ်သူနှင့် အတူ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ညဖက်အချိန်တွင် မမိုးနှင်းဖြူနှင့် သမီးဖြစ်သူကို ၎င်းတို့နေထိုင်သည့် ရပ်ကွက်သို့ရဲတပ်ဖွဲ့ဝင်တချို့အပါအဝင် အာဏာပိုင်များကခေါ်လာပြီး ကလေးကို ရပ်ကွက်လူကြီးတွေကနေတဆင့် ဆွေမျိုးတွေဆီမှာ အပ်ထားပြီးနောက် မမိုးနှင်းဖြူကို ပြန်ခေါ်သွားခြင်းဖြစ်သည်။
ယင်းနောက်တွင် ၎င်းတို့နှစ်ယောက်စလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)(ခ)(ဂ) တို့ဖြင့် ဒုရဲမှူးမင်းခိုင်မှ တရားလိုပြုလုပ်ကာ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Western News- WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်