လိုင်စင်ရလူသတ်မှုများနှင့် မြန်မာ့ ဒီမိုကရေစီ


လိုင်စင်ရလူသတ်မှုများနှင့် မြန်မာ့ ဒီမိုကရေစီ

Western News- ကျော်လင်း(ရောင်စုံ)

အောက်တိုဘာ ၃ ရက်

ဗုဒ္ဓဝင်ပုံပြင်ထဲတွင်ဖတ်ခဲ့ရသောဇာတ်လမ်းများထဲတွင်တောအုပ်တစ်အုပ်တွင် ဘီလူးသောင်းကျန်းသည့်အတွက် အများပြည်သူများ ဖြတ်မလျှောက်ရဲသောဇာတ်လမ်းလည်းတစ်ခုအပါအဝင်ဖြစ်သည်။ ပျိုရွယ်သူရော၊ အိုမင်းသူရော ဘယ်သူ့ကိုမဆို ဘီလူးက အလွတ်မပေးပဲ ဖမ်းဆီးသတ်ဖြတ်စား သောက်နေသည့်အတွက် ပညာရှိဘုရားလောင်းက ယင်းလမ်းကိုသွားပြီး ဘီလူးကို အနိုင်ယူသောပုံ ပြင်များကို ဗုဒ္ဓဘာသာဝင်အတော်များများဖတ်ခဲ့ဖူး၊ ကြားဖူးခဲ့ပါလိမ့်မည်။ ယင်းအတွက်ကြောင့်လည်း ကြောက်စရာပုံပြင်များ၊ ကြောက်စရာလုပ်ရပ်များကို လူ့ဘီလူးလိုကြောက်စရာကောင်းသည်ဟု ဆိုစမှတ်ပြုကြသည်။ နှိုင်းယှဉ်လေ့ရှိပါသည်။

ယနေ့ရခိုင်ပြည်တွင်ကြုံတွေ့နေရသောကိစ္စရပ်များကိုလည်း ယင်းပုံပြင်နှင့်နှိုင်းယှဉ်ကြည့်မိပါသည်။ တပ်ရှေ့တွင်ဖြတ်သန်းသွားလာ မိသော သူများကိုမယုံသင်္ကာလျှင်ဖမ်းဆီး၊ စစ်ဆေး၊ နောက်နေ့တွင် အကောင်းပကတိဖမ်းဆီးသူများကို ငှက်ဖျားဖြစ်သွားလို့၊ မိမိကိုယ်ကိုယ်နံရံနှင့် ခေါင်းဆောင့်ပြီး သတ်သေသွားလို့၊ သေနတ်လု၍ထွက်ပြေးသည့် အတွက်မလွှဲမရှောင် သာခြိမ်းခြောက်ပစ် လိုက်ရ သည့် အတွက်သေဆုံးသွားမှု၊ နံနက်စာကိုကျွေးခါနီးတွင် လုံခြုံရေးတာဝန်ယူထားသူထံမှ ပစ္စတို သေနတ်လုယူပြီး မိမိကိုယ်ကို ပစ်သတ်သွားမှုစသည်စသည့် ယုတ္တယုတ္တာကင်းမဲ့သောပုံပြင်များ ဖြင့် လူများအရှင်ရှင်လတ်လတ်ကနေ နေ့ချင်း၊ ညချင်းလူသေ အလောင်းများဖြစ်နေကြသည်။ ပုံပြင်လည်း မဟုတ်၊ ရာဇဝင်လည်းမဟုတ်ဘဲ ကာကွယ်ရေး တပ်မတော်၏ လက်တွင်းတွင်ဖြစ်သွား သောကိစ္စ ရပ်များဖြစ်သည်။ ယင်းသို့ဖြစ်သွားသောကိစ္စရပ်များကိုလည်း မြန်မာနိုင်ငံတွင်ဖွဲ့စည်းထားသော လူ့အခွင့်ရေးကော်မရှင် အဖွဲ့များ၊ လူ့အခွင့်ရေးကိုလိုက်နာရန်၊ လေးစားရန်၊ မွေးကတည်းက လူတိုင်း မှာလူ့အခွင်အရေးရှိသင့်သည် ဟုပြောနေသော သမ္မတကြီးနှင့် လူလူချင်းနှိပ်စက်ကလူပြုမှုကို ဆန့်ကျင့်တိုက်ပွဲဝင်ပြီး လက်ရှိအာဏာရအစိုးရခေါင်းဆောင်ဖြစ်လာ သောနိုင်ငံတော် အတိုင်ပင်ခံကပါ ဤကဲ့သို့လက်လွယ်စပယ်ပြုမှုများကိုတိတ်ဆိတ်နေကြသောအခါ ရခိုင်စစ်မြေပြင်အဝန်းက ပြည်သူများသည် အကြောင်းအမျိုးမျိုးပြပြီး သတ်ဖြတ်ခံနေရသည်။

လုံခြုံရေးဂိတ်၊ တပ်ထိန်းဂိတ်၊ တပ်ရှေ့ကိုဖြတ်သန်းလာရသည်မှာ ဘီလူးရှိသောတောထဲကို ဖြတ်သန်းရသကဲ့သို့သွေး ပျက်ဖွယ်ဖြစ်လာကြသည်။ ယင်းသို့လုပ်ဆောင်မှုများသည်လည်း တစ်ဖက်တွင်အစိုးရဖက်မှ တိတ်ဆိတ်နေသည့်အခါ၊ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်များကလည်း ၎င်းတို့လက် ထဲတွင်ရောက်လျှင် တရားဥပဒေလမ်းကြောင်းအရသာလုပ်ဆောင်လေ့ ရှိပါသည်ဟု ပြောနေကြသည့်အခါ အဆိုပါ ရက်စက်စွာသတ်ဖြတ်မှုများသည် တာဝန်ဆိုသောခေါင်းစဉ် အောက်ကလိုင်စင်ရလူ သတ်မှုများဖြစ်လာတော့သည်။

တပ်ဖက်ကဖြစ်စေ၊ အစိုးရဖက်ကဖြစ်စေ ပြည်သူကိုအလေးအနက်ထားပြီးပြောလေ့ရှိပါသည်။ သို့သော် ပြည်သူကိုထိတ်လန့်စေသော၊ ရက်စက်သောအပြုအမှုများကိုလုပ်ဆောင်တတ်ကြသည့် အပြုအမှုများဖြစ်ပွားသည့်အခါတွင်လည်း ပြည်သူတို့၏အသံကိုဂရုတစိုက်မရှိပဲ သူတို့ဘာသာ သတင်း ထုတ်ပြန်လိုက်သည်ကိုသာတွေ့ရပါသည်။ မကြာသေးခင်ရက်ပိုင်းကလည်း မြောက်ဦးမှ မောင်အေး ကျော်ဆိုသော သုံးဘီးမောင်းသမားတစ်ဦးကို မြောက်ဦး ၃၇၇ တပ်မှဖမ်းဆီးပြီး နောက်နေ့ တွင် မြောက်ဦးနာရေးကူညီမှုအသင်းကို အလောင်းကိုလာယူပါဟုဖုန်းဆက်သည့်ကိစ္စတစ်ခုရှိခဲ့သည်။ သို့သော် တပ်မတော်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်သည်မှာ မောင်အေးကျော်ဆိုသူမှာ အေအေတပ်ဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသည်ဟုထုတ်ပြန်ပါသည်။ သတင်းမှန်ပြန်ကြားရေးထုတ် ပြန်ချက်နှင့်ပတ်သက်လျှင်ပြောစရာရှိသည်က မကြားသေးမီက ရသေ့တောင်နယ် ဦးဂါကျေးရွာမှ အသက် ၃၇ နှစ်အရွယ် သားသမီးလေးဦးရှိသူအမျိုးသမီးတစ်ဦးအား တပ်မတော်စစ်ကြောင်းတစ်ခုမှ တပ်မတော်သားသုံးဦး မုဒိမ်းမှုပြုကျင့်သည့်အခါတွင်လည်း တပ်မတော်စစ်ကြောင်းအနေဖြင့် ရွာမှ မီတာ၂၅၀ ဝေးသော သရက်တောတွင်သာအိပ်ခဲ့ပြီး ယင်းကဲ့သို့ဖြစ်စဉ်မရှိခဲ့ပါဟု ဖော်ပြဖူးပါသည်။ သူတို့ဖော်ပြချက်မှာလည်း အသေးစိတ်ကွင်းဆင်းပြီးစစ်ဆေးချက်အရဆိုသည်ကပါသေးသည်။ သို့သော် အမျိုးသမီး၏ DNA ကိုစစ်ကြည့်သည်အခါတွင်တော့ အဆိုပါတပ်မတော်သားသုံးဦးမှာ ယင်းအမှုကိုပြုကျင့်ခဲ့ကြောင်းဖော်ပြပါသည်။

သို့ဆိုလျှင် ယင်းကဲ့သို့လုပ်ရပ်များကိုတောင် ငြင်းချက်ထုတ်လေ့ရှိ၊ ကာကွယ်လေ့ရှိသောအခါ ယခု ထုတ်ပြန်ချက်သည်လည်း ယုတ္တိကျကျစဉ်းစားပြီး မေးခွန်းထုတ်စရာဖြစ်ပါသည်။ ဆိုပါစို့၊ အဆိုပါ ပုဂ္ဂိုလ်သည် AA နှင့်ဆက်သွယ်မှုရှိသည်ဆိုလျှင်ပင် ညတွင်းချင်းသတ်ပစ်လိုက်ရသော ဥပဒေရှိပါ သလား။ နောက်သတင်းမှန်ပြန်ကြားရေးတွင်ဖော်ပြထားသလို နံနက်စာကျွေးခါနီး ပစ္စတိုဖြင့် မိမိကိုယ်ကိုသတ်သေသွားသည်ဆိုလျှင် သူ့ခန္ဓာတစ်ကိုယ်လုံးတွင် ကျည်သင့်ဒဏ်ရာပါခဲ့သလား။ သူ့အနေဖြင့် သေနတ်ကိုလု၍ရလောက်အောင် ခြေတွေ၊ လက်တွေကိုဘာမှ မချည်ပဲ ထားသလား၊ သေနတ်ကိုလု၍ရသည့်အခါတွင် ဘေးနားကလူတွေကဝိုင်းမချုပ်ပဲ ဒီအတိုင်းပဲကြည့်နေခဲ့သလား၊ သေနတ်တစ်လက်မိမိလက်ထဲရောက်သည်နှင့် တခြားသူကိုမပစ်ပဲ မိမိကိုယ်ကိုပစ်သတ်သွားသည်ဆိုသည် ကကော ဖြစ်နိုင်သလား။

လူဆိုသည်မှာမိမိကိုယ်ကိုအချစ်ဆုံးဖြစ်ပါသည်။ ဘယ်သက်ရှိသတ္တဝါမဆို မိမိ အသက်ရှင်ရေးအတွက် နောက်ဆုံးအချိန်ထိကြိုးပမ်းကြ မည်သာ။ ဘာမှနှိပ်စက်ကလူမပြုခံံံရရေသာ သူတစ်ဦးအနေဖြင့် နံနက်စာတောင်ကျွေးခံရမည့်သူတစ်ဦးအနေဖြင့် မိမိကိုယ်ကိုချက်ချင်း ပစ်သတ်သည်ဆိုသည်မှာ ဖြစ်နိုင်သောကိစ္စလားဆိုသည်ကို တွေးကြည့်လျှင်ပင်သိနိုင်ပါသည်။ နောက်တစ်ချက်မှာလည်း ယခင်ကလည်း မြောက်ဦးပုစွန်ဖေကျေးရွာသားတစ်ဦးကို လုံခြုံရေးဆီမှ သေနတ်လုသည့်အတွက် ပစ်သတ်လိုက်သည်ဆိုသည့် ကိစ္စရပ်များရှိခဲ့ပါသေးသည်။ သို့ဆိုလျှင် ဒီလူများသည် သာမန်အချိန်တွင်သတ္တိမရှိပဲ လက်နက်မဲ့ဖြင့် အဖမ်းခံရတိုင်း သေနတ်လုလိုသော ချင်ခြင်းများဖြစ်ပေါ်လေ့ရှိ သလား။ ယင်းကဲ့သို့ထုတ်ပြန်ချက်များသည်လည်း မိမိတို့ ထုတ်ချင်သလို ထုတ်မယ် ဘယ်သူ့ကိုဂရုစိုက်ရမည်နည်းဆိုသည့် သဘောထားများအဖြစ်ထင်ဟပ်နေပါသည်။ သူတို့ အနေဖြင့် ယင်းကဲ့သို့ထုတ်ပြန်ရလောက် အောင်လည်းမြန်မာ့ဒီမိုကရေစီအစိုးရခေါင်းဆောင်ကိုယ်တိုင်ကရခိုင်ပြည်ကအကြမ်းဖက်နှိမ်နင်းရာတွင်ရွပ်ရွပ်ချွံချွံပါဝင်သောတပ်မတော်သားများကိုချီးကျူးပြီးဖြစ်ပါသည်။ တစ်နည်းအားဖြင့် စစ်ဆင်ရေးဆိုသောခေါင်းစဉ်အောက်တွင် မသင်္ကာသူများကိုလက်လွယ်စ ပယ်သတ်ဖြတ်ဖို့ အတွက် လိုင်စင်များရထားသလိုဖြစ်နေသည့်အခါ မလုပ်ရဲသည်မရှိတော့ပေ။

မြန်မာ့နိုင်ငံရေးတွင် အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တခြား ခေါင်းဆောင်ကြီး များကို လုပ်ကြံသည့်အမှုလောက် နိုင်ငံရေးတွင် ကြီးမားသည့်ပြစ်မှုမရှိပေ။ ယင်းအမှုကိုပင်လျှင် တရားခံဦးစောနှင့်တကွတခြားသူများကိုတရားရေးကခုခံ၊ချေပခွင့် အခွင့်အရေး ပေးခဲ့ပါသေးသည်။ ဆိုလိုသည်မှာ ယင်းကဲ့သို့ပြစ်မှုများကိုပင် တရားစီရင်ရေးအဆင့်ဆင့်ဖြင့်သွားခဲ့လျှင် AA နှင့်ပတ်သက်သည်ဆိုဦးတော့ တရားစီရင်ရေးအဆင့်ဆင့်မသွားပဲ ညတွင်းချင်း ဥပဒေ လမ်းကြောင်းအရ အလောင်းဖြစ်သွားသော လုပ်ဆောင်ချက်များသည် တိုင်းရင်သားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ခြင်းမည်ပါမည်လား။ ယင်းလုပ်ရပ်များကို လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးကို တဖွဖွပြောခဲ့သော၊ ပြောနေဆဲလည်းဖြစ်သော လက်ရှိအစိုးရအနေဖြင့် တိတ်ဆိတ်ပြီး ကြည့်နေသင့်ပါသလား။ ယခုကဲ့သို့လုပ်ဆောင်မှုများသည် အမျိုးသားရေးရင်ကြားစေ့ရေးဆိုသည့်ကိစ္စရပ်များကိုလည်း ထိခိုက်စေသည့်လုပ်ရပ်များသာဖြစ်ပါသည်။

တိုင်းပြည်အတွက်ပြိုင်တူအမှားများကိုကျူးလွန်ကြသည်ဆိုသော်လည်း အရေးကြုံလျှင် အဖော် အပေါင်းများမရှိတတ်သည့် သာဓကလည်းသမိုင်းတွင်ရှိပါသည်။ ဟစ်တလာ၏လုပ်ရပ်များကို သဲကြီးမဲကြီးအကောင်အထည်ဖော်ပေးခဲ့သော အပေါင်းပါများ သည်လည်း စစ်ခုံရုံးကိုရောက်သွားသည့် အခါဘူးခံခဲ့ကြပါသည်။ ကမ္ဘာ့သမိုင်းတွင် ဟစ်တလာဦးဆောင်သောနာဇီပါတီသည် သူတိုနှင့်မတူ သော ဂျူးလူမျိုးများကို လူမျိုးရေးအမုန်းတရားဖြင့် ၇ သန်းခန့်သတ်ဖြတ်ခဲ့ပါသည်။ သတ်သည့်နည်းမှာ လည်း နည်းမျိုးစုံဖြင့်သတ်ဖြတ်ခဲ့သည်ကိုယနေ့ထိ သက်သေများရှိပါသေးသည်။ ယင်းကဲ့သို့သတ်ဖြတ်မှုထဲတွင် တက်တက်ကြွကြွပါဝင်ခဲ့သော စစ်လက်နက်ထုတ်လုပ်ရေးက အကြီးအကဲ စပီးယားမှာ နာဇီ စစ်ရာဇဝတ်ကောင်များကိုရုံးတင်ရာတွင် ပါဝင်လာခဲ့ပါသည်။ သို့သော် ဤကဲ့သို့သတ်ဖြတ်မှု များကို ယခုနုရင်ဘတ်ခုံရုံးကိုရောက်မှ သိရခြင်းဖြစ်ပါသည်။ သူ ဘာမှမသိခဲ့ပါဟု မျက်နှာပြောင်တိုက်ပြီး ငြင်း ဆိုခဲ့ပါသေးသည်။ သို့ဆိုလျှင် ယခု အောက်ခြေမှာ လူဘယ်လောက်သေသေ၊ သံသယဖြင့်မတရားသဖြင့် ဘယ်လောက်ပဲသတ်သတ် ဘူးခံပေးသော သူများသည်လည်း ယခုထိ ကျနော်တို့က တရားဥပဒေလမ်းကြောင်းမှလွဲပြီး မလုပ်ပါဆိုသော စကားကိုပြောနေ ကြဆဲဖြစ်ပါသည်။

ဒီနေရာမှာ ကျနော် ချည်းကပ်ပြချင်သောကိစ္စရပ်များကတော့ လူတစ်ရာနီးပါး ရခိုင်ပြည်တွင် အသတ်ခံခဲ့ရသောကိစ္စရပ်များတွင် သက်ဆိုင်ရာတပ်များ၊ သက်ဆိုင်ရာအုပ်စုဝင်များသည် လိပ်ပြာလုံကြပါသလား။ ဥပမာ မြောက်ဦးကကိစ္စကိုပဲကြည့်ပါ။ လူတစ်ဦးကို သုံးဘီးပေါ်က ဖမ်းဆီးလိုက်သည်။ ပြီးလျှင် နောက်နေ့တွင် အလောင်းလာပို့သည်။ နောက်တစ်နေ့တွင် သေနတ်လု၍ မိမိကိုယ်ကိုပစ်သတ်သွားသည်ဟုဆိုသည်။ သို့ဆိုလျှင် ယင်းအသိုင်းအဝိုင်းတစ်ခုထဲမှာရှိကြသော သူများ၏အိမ်ကိုယ်စီတွင် မိမိတို့ကိုးကွယ်သော ဘုရားများရှိပါလိမ့်မည်။ လိပ်ပြာလုံကြပါသလား။ မြောက်ဦးမှမောင်အေးကျော်ဆိုသောသူတွင် လူမမည်သမီးငယ်နှစ်ဦး ခြောက်နှစ်တစ်ဦး၊ ငါးလတစ်ဦး ကျန်ခဲ့သည်ဟုသိရပါသည်။ မိမိတို့သားသမီးများကိုပွေ့ချီသည့်အခါ ဖုန်းဆက်ကြသည့်အခါတွင် အဆိုပါ ပစ္စတိုဖြင့်မိမိကိုယ်ကိုသတ်သေသွားသည့်ဆိုသည့်သတင်းကိုဖတ်ပြီး လိပ်ပြာလုံကြပါသလား။ သူသည် ခြံမှားပြီး မှားဝင်သွားသည့် ကြက်တစ်ကောင်၊ ယုန်တစ်ကောင်မဟုတ်ပေ။ ဖမ်းဆီးလိုက်သည့် သူများမှာ မိသားစုရှိသလို လူသားဘဝကို ဖြတ်သန်းနေသော မယားနှင့်သမီးနဲ့ လူတစ် ဦးဖြစ်ပါသည်။ သူ့တွင် မိသားစုရှိပါသည်။ ချစ်ခင်ရသော မိသားစုများရှိပါ သည်။ ပစ္စတိုဖြင့်သတ်သေသွားသည်ဆို သည့်သူ့အလောင်းပေါ်ကခန္ဓာများမှာလည်း ဦးခေါင်းများကပြို၊ ခြေသလုံး၊ ပေါင်တံ၊ ရင်ဘတ်များတွင် တွင် ထုထောင်းရိုက်နှက်ထားသည့်ဒဏ်ရာများစွာကို မြင်ရပါသည်။ ဤကဲ့သို့လုပ်ရပ်များသည် ဒီမိုကရေစီဟု ကြွေးကြော်နေသော လူ့အခွင့်ရေး၊ တရားမျှတရေးကိုကြွေးကြော်နေသော နိုင်ငံတွင် ဖြစ်နေသည်မှာ တော့ အလွန်တရာအံ့သြစရာ ကောင်းပါသည်။ လူသားဆန်မှုဆိုသည်မှာ စာရွက်ပေါ်တွင်ရေးနေရုံ၊ ပါးစကပြောနေရုံနှင့်မပြီးပဲ တွေးမြင်ယူဆရသော၊ စာနာနားလည်ရသောကိုယ်ချင်းစာတရားမှာ အခြေခံပါသည်။

ဒီဆောင်းပါးကနေတစ်ဆင့်ကျနော်ပြောလိုသည်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ အနေဖြင့်ယခုကဲ့သို့ တာဝန်ဆိုသောခေါင်းစဉ်၊ အောက်မှ လိုင်စင်ရလို့သတ်နေသော လူသတ်မှုများကို ဒီမိုကရေစီနည်းကျ ကြည့်ကြစေ လိုပါသည်။ ရခိုင်ပြည် ဖက်ကရာထူးကြီးကြီးယူထားကြသော ဝန်ကြီးချုပ်ဦးညီပု၊ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်၊ ပြည်ထောင်စု ဒုဝန်ကြီး ဦးအောင်လှထွန်းတို့ကိုပြောလိုသည်မှာ ဆရာတို့အနေဖြင့်လည်းသတင်း မီဒီယာဘဝကိုဖြတ်သန်းရာတွင် ယခုကဲ့သို့လူ့ အခွင့်အရေးချိုး ဖောက် မှုများကို ကြုံတွေ့ခဲ့လျှင် မှန်ကန်သောဘက်ကသာရပ်တည်ပြီး တည့်မတ်လိုစိတ်ရှိခဲ့ကြပါလိမ့်မည်။

သဘာဝတရားတွင် ရာထူး၊ ဂုဏ်သိမ်ရှိသည်မရှိပဲ ဓမ္မနှင့်အဓမ္မသာရှိပါသည်။ ယခုဖြစ်ရပ်ကဲ့သို့ အဓမ္မ ဖြစ်ရပ်များကို ဆရာတို့လို မျက်စိကြီး၊ နားကြီးသူများက ပိုပြီး မြင်နိုင်၊ကြားနိုင်ကြပါလိမ့်မည်။ လူသေ အလောင်းများ မြစ်ထဲတွင်မျောပါနေခြင်းများ၊ အလောင်း၏ အကျ ႌ အဝတ်အစားများကိုကြည့်လိုက်လျှင် မကြာမီက သံသယဖြင့်ဖမ်းဆီးခံံံရသော အဆက်အသွယ်မရသော မိမိ၏သားလင်ဖြစ်နေ ခြင်းများကို လည်း ရခိုင်မိသားစုများကြုံတွေ့နေရပါသည်။ RFA သတင်းဌာန၏ ဖော်ပြချက်အရ စက်တင်ဘာလ ၂၈ ရက်နေ့ထိ ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် ဒဏ်ရာရသူ ၆၅၃ ဦး၊ သေဆုံးသူက ၂၉၂ ရှိခဲ့ပြီဖြစ်ပါသည်။ ယင်းသေဆုံးသူများ ထဲတွင် သံသယဖြင့်ဖမ်းဆီးခံရပြီး များမကြာခင် အလောင်းလာ ပို့သူများကလည်းအပါအဝင်ပင်ဖြစ်ပါသည်။

ယင်းကြောင့် 

မကောင်းမှုကိုတိတ်ဆိတ်ခြင်းသည်မကောင်းမှုကိုအားပေးရာရောက်သည်ဆိုသည့်အတိုင်းဆရာတို့အနေဖြင့်လည်းယခုကဲ့သို့ကိစ္စရပ်များတွင် နှုတ်ဆိတ်မနေသင့်ကြောင်း အကြံပေးလိုပါ သည်။ ဒီမိုကရေစီဆိုသည်မှာ နေပြည်တော်ကလူနှင့်သက်ဆိုင် သလိုရခိုင်ပြည်မြောက် ဖက်ပိုင်း ကလူများနှင့် လည်းသက်ဆိုင်သည့်အကြောင်းကို ဆရာတို့လည်း ပိုပြီး နားလည်ကြလိမ့်မည် ဟုယူဆပါသည်။ နေ့စဉ်ရက်ဆက်ယခုကဲ့သို့မတရားသတ်ဖြတ်မှုများသည် တိုင်းပြည်ဧကောင်း မွန်သော အကျိုးကိုလည်း ဦးတည်စေသည့်ကိစ္စရပ်မဟုတ်ပါ။

ဒီမိုကရေစီဆိုသည်မှာ ရှေးခေတ်ဂရိဘာသာစကားဖြစ်သော ဒီမို-လူထု၊ကရေစီ-အုပ်စိုးမှု၊ လူထုအုပ်စိုးမှု(ဝါ) ပြည်သူကအုပ်စိုးမှုဆိုသည့် အနက်ကိုလူတိုင်းသဘောပေါက်နားလည်ပြီးသား တစ်ခုဖြစ်နေပါပြီ။ နောက်တစ်ခုမှာ ဒီမိုကရေအစိုးရဆိုသည်မှာ အင်အားသုံးအုပ်ချုပ်ခြင်းထက် လူထုဧအသံကိုနားထောင်ခြင်းဖြင့် အုပ်ချုပ်လေ့ရှိသည့်ဆိုသည့်အတိုင်း ရခိုင်မြေပေါ်ကဖြစ်ပျက်နေသမျှ အနိဌာရုံများ၏အသံကိုနားစွင့်ဖို့လိုအပ်ပါသည်။ သိသာသိနေ၊ မြင်သာမြင်နေပြီး ဆိုးရွားသော၊ မတရားသော၊ လက်နက်အားကိုးဖြင့် အနိုင်စားမှုများကို ယခု အတိုင်းလက်ပိုက်ကြည့် နေကြသည်ဆို လျှင် သမိုင်းကြောင်းတစ်ခုဖန်တီးရာတွင် လှပသောစာမျက်နှာအဖြစ် တည်ရှိကြလိမ့်မည်မဟုတ်ပါ။ ယခုဆိုလျှင် ရခိုင်ပြည်သူလူငယ်များကြားထဲတွင် ယခုကဲ့သို့သတင်းများကို နေ့စဉ်ရက်ဆက်မြင်နေ ကြသည့်အတွက် တတ်သိလိမ်မာသောဘဝထက် နာကျည်းသောဘဝ၊ နာကျည်းသောအတွေးများ ကိုတွေးမိသွားလျှင် တိုင်းပြည် အတွက်လည်း ကောင်းမွန်သောလက္ခဏာမဟုတ်ပေ။ တာဝန်ရှိ လူကြီးမင်းများအနေဖြင့် လိုင်စင်ရလူသတ်မှုများကို ပပျောက်စေသည့်စေတနာများရှိပြီး လုပ်ဆောင်ကြဖို့လိုလာပါသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကိုးကွယ်မှုအများဆုံးသောနိုင်ငံတစ်နိုင်ငံပါ။ လူသတ်မှုကိုမဆိုထားနှင့် တခြားသောသတ္တဝါများကိုပင် ညည်းပမ်းနှိပ်စက်၊ သတ်ဖြတ်မှုကိုအားပေးသောဘာသာမဟုတ်ပါ။ ယင်းကဲ့သို့ကောင်းမွန်သောဘာသာတရားအောက်တွင် လူတချို့က ရာထူးကြီးကြီးကိုယူထားကာ မိသားစုဘဝများလှပစွာဖန်တီးပြီး နေထိုင်ကြစဉ်တွင် အညတြလူသာမန်တို့မှာ မသင်္ကာရင် မသင်္ကာ သလို ကြက်ကလေး၊ငှက်ကလေးလို သတ်ဖြတ်ခံနေရသည်မှာ လောကကိုတည်ဆောက်သော တရား မဟုတ်ပေ။ ကျနော်တို့သည် မတရားမှုကိုမတရားမှုအဖြစ်၊ ဓမ္မကိုအဓမ္မအဖြစ်ရှုမြင်ကြဖို့လိုပါသည်။ အဖွဲ့အစည်း၏အားသာချက်၊ ရာထူး၏လုပ်ပိုင်ခွင့်များကိုကြည့်ပြီး၊ မျက်နှာနာပြီး မိမိထံသို့အန္တရာယ်မ ကျရောက်သမျှ အဓမ္မမှုကို ဓမ္မဖြစ်သယောင် ရေငုံနှုတ်ပိတ်နေလျှင် ကျနော်တို့လိုလားသော၊ ခေါင်း ဆောင်များလိုလားသော စစ်မှန်သော၊ အနှစ်သာရပြည့်ဝသော ဒီမိုကရေစီစနစ်ကိုရောက်ရှိနိုင်လိမ့် မည်မဟုတ်ပါ။

ယင်းကြောင့် ရက်စက်မှုပြုသောဘဝများသည်လည်းကောင်း၊ ရက်စက်မှုကိုပြောနိုင်၊ တားနိုင်ခွင့်ရှိသော ဘဝများသည်လည်းကောင်း အသက် ၂၀၀ မရှည်ပါ။ မြစ်တို့သည် ရေနှစ်ကြိမ်မစီးသကဲ့သို့ ကျနော်တို့ ဘဝများသည်နောက်ပြန်လှည့်၍မရသော သင်္ခါရရေစီး ကြောင်းထဲတွင်မျောပါနေကြရပါသည်။ ယင်းသို့ဖြတ်သန်းမှုထဲတွင် မတရားသောသတ်ဖြတ်၊နှိပ်စက်မှုများကို တာဝန်လိုလို၊ လုပ်သင့်လုပ် ထိုက်လို့လုပ်သည်လိုလို သဘောထားနေလျှင် တိုင်းပြည်၏ ကောင်းကျိုးကိုလည်းဆောင်သည် မမည်ပါ။ သို့ဖြစ်၍ စစ်မှန်သောဒီမိုကရေစီစနစ်ကိုလိုလားသည်ဆိုလျှင် လိုင်စင်ရလူသတ်မှုများကို ပပျောက် အောင်ဝိုင်းဝန်းနှိုးဆော်သင့်ပါကြောင်း။

Western News- WN


ဆက်စပ်စကားလုံများ : #U Nyi Bu
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်