အိန္ဒိယတွင် ဖမ်းဆီးခံရသော ရခိုင်လက်နက်ကိုင် ALP
test1

ALP မှ တပ်ခွဲမှူးတစ်ဦးအပါအဝင် ၅ ဦး အိန္ဒိယ နယ်စပ်တွင် ဖမ်းဆီးခံရ၊ ဒေသ ခရိုင်ထောင်သို့ ပို့ဆောင်ထား


Western News – ဇွန်လ ၁၃ ရက်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ တပ်ခွဲမှူးအဆင့်ရှိသူ ခိုင်သျှန်ထွန်းအပါအဝင် ၅ ဦးမှာ ဇွန်လ ၁၁ ရက်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ဖမ်းဆီးခံထားရကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကပြောသည်။

ဖမ်းဆီးခံထားရသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြောဆို၍မရသေးသော်လည်း တပ်ခွဲမှူးအဆင့် ရှိသူတစ်ဦးဖြစ်သည့် ခိုင်သျှန်ထွန်းပါဝင်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီဝင် ဒုဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က Western News ကိုပြောသည်။

“ဘယ်သူတွေဖမ်းဆီးခံရတယ်ဆိုတာကိုတော့ ကျွန်တော်တို့က ဗဟိုနဲ့အချိတ်အဆက်လုပ်နေတုန်းပဲ။ ဒါပေမယ့် ဖမ်းဆီးခံရသူတွေ ထဲမှာတော့ တပ်ခွဲမှူးအဆင့်ရှိတဲ့ ခိုင်သျှန်ထွန်းတော့ပါတယ်။ ကျနော်တို့လည်း ဖမ်းဆီးခံရတာကိုမနေ့ကသိရတာ”

ဟုပြောသည်။

လက်ရှိအချိန်တွင် ALP အနေဖြင့် တပ်ဖွဲ့ဝင်များလွတ်မြောက်ရေးအတွက် အိန္ဒိယအာဏာပိုင်များနှင့်ဆွေးနွေးနေပြီး မည်သည့် အတွက်ကြောင့် ဖမ်းဆီးထားသည်ကိုလည်း အသေးစိတ်ပြော၍ မရသေးကြောင်း ALP ပြောရေဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောမြက Western News ကိုပြောသည်။

ယင်းအပြင် ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင်များတွင် လက်ပစ်ဗုံး ၅ လုံးနှင့် သေနတ်(အတို) နှစ်လက်၊ ကျည်ဆံ ၅၅ ခုတို့ ပါဝင်ပြီး ၎င်းတို့ကို မီဇိုရမ်ပြည်နယ်၊ Lawngtlai မြို့နယ်၊ Kakichhuah တွင် 3rd Assam Rifles နှင့် Lawngtlai ရဲများပူးပေါင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသသတင်းဖြစ်သည် LPS တွင်ဖော်ပြထားသည်။

ဒေသ သတင်းများ၏ ရေးသားချက်များတွင် ဖမ်းဆီးရမိသည့် ၅ ဦးကို ဇွန်လ ၁၂ ရက်နေ့နံနက်ပိုင်းက လောင်တလိုင်မြို့နယ် ရဲစခန်းသို့ ပို့ဆောင်ပြီး Arms Act နှင့် Foreigner Act ဖြင့် အမှုဖွင့်ဆိုခဲ့ကာ လောင်တလိုင် ခရိုင်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း ရေးသားထားသည်။

Western News- WN- ဓာတ်ပုံ- defencexp

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်