UN aleart Michelle Bachelet
test1

မြန်မာနိုင်ငံတွင် သွေးထွက်သံယိုမှုများနှင့် ဘေးဒုက္ခများ ဆက်လက်ဖြစ်ပွားမည့် အခြေအနေ ရှိနေဟု ကုလအကြီးအကဲသတိပေး


Western News- ဇွန်လ- ၁၄ ရက်

မြန်မာနိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်မှုများ ဆက်လက် တိုးမြင့်ဖြစ်ပွားလာတော့မည်ဖြစ်ပြီး အသက်ဆုံးရှုံးမှုများ ပိုမိုများပြားလာမှုနှင့် သွေးထွက်သံယိုမှုများနှင့် ဘေးဒုက္ခများ ဆက်လက်ဖြစ်ပွားမည့် အခြေအနေ ရှိနေဟု ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာ Michelle Bachelet သတိပေးပြောဆိုလိုက်သည်။

စစ်တပ်အင်အားတိုးချဲ့မှုများပြုလုပ်လျက်ရှိကြောင်း အထူးသဖြင့် နိုင်ငံ၏ အရှေ့ပိုင်းရှိ ကယားပြည်နယ်နှင့် အနောက်ပိုင်းရှိ ချင်းပြည်နယ်တို့တွင် အရှိန်မြှင့်လျက်ရှိကြောင်း အရပ်ဖက်ဆိုင်ရာ အဆောက်အအုံများအား လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ လက်နက်ကြီးများ အသုံးပြု၍ ဆက်လက်တိုက်ခိုက်နေကြကြောင်း Michelle Bachelet ကပြောသည်။

“မိမိ စိုးရိမ်ခဲ့သည့်အတိုင်း ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်အပါအဝင် မြန်မာ နိုင်ငံရှိ နေရာဒေသအများအပြားတွင် လက်နက်ကိုင်ပဋိပက္ခနှင့် အခြားသော အကြမ်းဖက်မှုများ အရှိန်မြင့်လာနေကြောင်း၊ အဓိကအားဖြင့် တိုင်းရင်းသားလူနည်းစုများနှင့် ဘာသာရေးလူနည်းစုများ နေထိုင်ကြသည့် ဒေသများတွင် အခြေအနေ ပို၍ဆိုးရွားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များသည် လက်နက်ကိုင် အဖွဲ့များ၊ အရပ်သားများနှင့် ခရစ်ယာန်ဘုရားကျောင်းများအပါအဝင် အရပ်ဖက်ဆိုင်ရာ အဆောက်အအုံများအား လေကြောင်း တိုက်ခိုက်မှုများနှင့်အတူ လက်နက်ကြီးများ အသုံးပြု၍ ဆက်လက်တိုက်ခိုက်နေကြကြောင်း”

Michelle Bachelet က ဆိုသည်။

ယင်းအပြင်အကြမ်းဖက်မှုများ ရပ်တန့်မည်ဟု အာဆီယံအဖွဲ့ကြီးထံ ကတိကဝတ်ပြုထားမှုများရှိသော်လည်း စစ်တပ်သည် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ လျော့ကျသွားစေရန် ကြိုးပမ်းအားထုတ် နေသည့်လက္ခဏာ မတွေ့ရဘဲ အဓိကကျသည့် ဒေသများတွင် စစ်အင်အားကို တိုးမြှင့်ချထားလျက် ကြောင်း Michelle Bachelet ဆိုသည်။

စစ်တပ်သည် ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဖယ်ခုံနှင့် ဒီမောဆိုတို့တွင် အရပ်သားများအား လူသားဒိုင်းများအဖြစ် အသုံးပြုခြင်း၊ အရပ်သားများ၏ နေအိမ်များနှင့် ဘုရားကျောင်းများကို ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ သွားရောက်ပေးအပ်နိုင်ခြင်း မရှိအောင် ပိတ်ဆို့တားဆီး လျက်ရှိရာ လူသားချင်းစာနာထောက်ထားမှု လုပ်ဆောင်သူများကို တိုက်ခိုက်ခြင်းများလည်း ပြု လုပ်နေကြောင်းဆိုသည်။

ယုံကြည်စိတ်ချရသည့် သတင်းပေးပို့ချက်အရ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦများ အတွင်း တပ်မတော်မှ ဝင်ရောက်တပ်စွဲခြင်း၊ စစ်ဘက်ဆိုင်ရာ လုပ်ဆောင်မှုများအတွင်း အဆိုပါနေရာများအား ပစ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် ဖြစ်ရပ်အချို့အား အစီရင်ခံမှုများရရှိထားကြောင်းကုလသမဂ္ဂက ပြောသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖေဖေါ်ဝါရီလ (၁) ရက်နေ့နောက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့များကြောင့် သေဆုံးခဲ့ရသူပေါင်း အနည်းဆုံး ၈၆၀ ဦး ရှိနေပြီး အများစုသည် ဆန္ဒပြပွဲများ အတွင်း သေဆုံးရခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးသည် ဇူလိုင်လ (၇) ရက်တွင် မြန်မာနိုင်ငံ၏ အခြေ အနေများနှင့် စပ်လျဉ်း၍ နောက်ဆုံးရအချက်အလက်များကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ သို့ တင်ပြသွားမည်ဖြစ်သည်။

Western News- WN

 share
ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်