ALD TAUNGGUP
test1

ဖမ်းဆီးတရားစွဲခံထားရသည့် ALD ပါတီဝင် ၃ ဦးအမှု ရုံးချိန်းပျက်ကွက်မှုများကြောင့် နစ်နာမှုများရှိဟုဆို


Western News – ဇွန် ၁၅ ရက်

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ALD)မှ ဗဟိုတွဲဖက်အတွင်းရေး မှုး ဦးကျော်ကျော်လင်းအပါအဝင် ၃ ဦးကို ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် ရုံးထုတ်ခဲ့သော်လည်း အမှုမစစ်ဖြစ်ခဲ့ကြောင်း ရှေ့နေကပြောသည်။

ယနေ့ရုံးချိန်တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ ဥပဒေအရာရှိတစ်ဦးမှာ အစည်းအ‌ဝေးရှိသည်ဟုဆိုကာ စစ်တွေ မြို့သို့ သွားရောက်ခဲ့သဖြင့် အမှုအားစစ်ဆေးခြင်းမရှိဘဲ လာမည့်ဇွန်လ ၂၉ ရက်နေ့သို့ထပ်မံရုံးချိန်းလိုက်သည်ဟု အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဦးခင်မောင်ဌေးကပြောသည်။

“ ဒီနေ့ရုံးချိန်းမှာ ဥပဒေအရာရှိတစ်ဦးက စစ်တွေမှာအစည်းအ‌ဝေးရှိတယ်ဆိုပြီးတော့သွားခဲ့တယ်။ အမှုကိုမစစ်ဖြစ်ခဲ့ဘူး။ ရုံးချိန်းကိုတော့ လာမယ့်ဇွန်လ ၂၉ ရက်နေ့ကိုထပ်မံချိန်းဆိုလိုက်တယ်”

ဟု ပြောသည်။

တရားစွဲဆိုခံထားရသည့် ပါတီဝင် ၃ ဦး၏အမှုအား ပုံမှန်စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းများရွေ့ပြောင်းနေခြင်းမှာ မဖြစ်သင့်ကြောင်း တောင်ကုတ်မြို့နယ် (ALD ) တွဲဖက်အတွင်းရေးမှူးဦးအောင်မင်းနိုင်က ပြောသည်။

“ ဖမ်းဆီးထားတော့ အမှုကိုစစ်ရင်စစ်ပေါ့။ ကျဆိုရင်ကျ၊ မကျဆိုရင်လည်းလွတ်ပေါ့။ အခုဟာ ဘယ်လိုမှန်း မသိဘူး။ ဟိုရက်ရွေ့ ဒီရက်ရွေ့ဆိုတော့ အချုပ်ခံထားရတဲ့လူ တွေမှာနစ်နာတာပေါ့။အခုဆို အကြောင်းအမျိုးမျိုး ကြောင်းသူတို့ကိုမစစ်ဖြစ်တာ ရုံးချိန်လေးကြိမ်တောင်ရှိ လာပြီ”

ဟုသူကပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ ပါတီဝင်ကိုမင်လှိုင်ထွန်းနှင့် ကိုဇာနည်ထူးတို့ကို ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြနေစဉ်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

၎င်းတို့ကို တောင်ကုတ်မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဒုဦးစီးဦးမောင်ထွီးခိုင်က တရားလိုလုပ်ပြီး တောင်ကုတ်မြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နှင့် တရားစွဲထားခြင်းဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဗဟိုအတွင်းရေးမှူး ဦးမျိုးကျော်ကိုလည်း ဆန္ဒပြမှုတွင် ပါဝင်သောကြောင့်ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီမှ ဖမ်းဝရမ်းထုတ်ထားသည်ဟုသိရသည်။

Western News -WN
ဓာတ်ပုံ- ALD

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်