Arakan army
test1

ရွှေနဒီအမြန်ရေယာဉ်ပေါ်က ဖမ်းဆီးခဲ့သူများထဲမှ နောက်ဆုံးကျန်ရှိသူများအပါအဝင် ၁၇ ဦးကို AA ပြန်လွှတ်ပေး


Western News – ဇွန်လ ၁၇ ရက်

ပြီးခဲ့သည် ၂၀၁၉ ခုနှစ်က အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီ အမြန်ရေယာဉ်ပေါ်တွင်လိုက်ပါလာသည့် တပ်မတော်သားများနှင့် ရဲ့တပ်ဖွဲ့ဝင်များထဲမှ နောက်ဆုံးလွှတ်ပေးရန်ကျန်ရှိနေသူများအပါအဝင် တပ်မတော်သား ၁၇ ဦးကို ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ပြောသည်။

အဆိုပါလွှတ်ပေးလိုက်သူ ၁၇ ဦးကို ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာတွင် ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၁၁ နာရီအချိန်က တပ်မတော်ဖက်မှ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၁၀ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဇော်ထံသို့ လွှဲပေးလိုက်ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ကပြောသည်။

ယနေ့လွှတ်ပေးလိုက်သည့် ၁၇ ဦးထဲတွင် ၁၄ ဦးမှာ ရွှေနဒီအမြန်ရေယာဉ်ပေါ်က ဖမ်းဆီးခဲ့သူများဖြစ်ပြီး တခြားဖမ်းဆီးရမိထားသည့် သက်ကြီးပိုင်းတပ်မတော်သား ၃ ဦးကိုလည်း ကျန်းမာရေးချို့တဲ့မှုကြောင့် ပြန်လွှတ်ပေးလိုက်သည် ဟု ရက္ခိုင့်တပ်တော် ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ က Western News ကိုပြောသည်။

ဒီနေ့လွှတ်ပေးလိုက်တာကတော့ အားလုံးပေါင်း ၁၇ ယောက်ဗျ။ ၁၇ ယောက်ထဲမှာ ၁၄ ယောက်ကတော့ ရွှေနဒီဖြစ်စဉ်မှာ ကျန်တဲ့ သူတွေဖြစ်တယ်။ နောက်ပြီးတော့ ရွှေနဒီဖြစ်စဉ်အပြင် တပ်မ ၇၇၊ ခမရ ၇ က တပ်ကြပ်ကြီးမောင်ကြည်၊ စကခ ၉၊ ခမရ ၃၇၄ က တပ်ကြပ်တင်ဌေးနဲ့ တပ်မ ၂၂၊ ခမရ ၂၀၄ က တပ်ကြပ်မင်းကြည်တို့ကိုလည်းဘဲ သက်ကြီးပိုင်း ကျန်းမာရေးချို့တဲ့သူတွေ ဖြစ်တဲ့ အတွက်မို့လို့ သူတို့ကိုလည်း လွှတ်ပေးလိုက်တယ်ဗျ။ နောက်ထပ်ရွှေနဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ ဖမ်းဆီးထားသူ ကျနော်တို့ဆီမှာ တစ်ဦးမှမရှိတော့ဘူး ”

ဟုပြောသည်။

တပ်မတော်ဖက်မှ ဖမ်းဆီးထားသူများကိုလွှတ်ပေးခြင်းမှာ တပ်မတော်နှင့် AA တို့ကြား တစ်ဖက်နှင့်တစ်ဖက် အပြုသဘောဆောင်သည့် ဖြစ်ပေါ်တိုးတက်မှုများအပေါ် ရက္ခိုင့်တပ်တော်က AA က ပြန်လည်အပြုသဘော ဆောင်သည့်အနေဖြင့်လွှတ်ပေးခြင်းသည်ဟုလည်း ရက္ခိုင့်တပ်တော် AA ၏ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ကပြောသည်။

ယခုလွှတ်ပေးလိုက်သူများမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က စစ်တွေမှ ဘူးသီးတောင်မြို့သို့ ပြေးဆွဲနေသည့် ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့သူ ၅၈ ဦးထဲတွင် ပါဝင်သူများဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသူများထဲတွင် တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦးနှင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၂ ဦး၊ အရပ်သား ၁၃ ဦးတို့ဖြစ်သည်။

ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးထားသူများကို စက်လှေသုံးစီးနှင့် ခေါ်ဆောင်သွားရာတွင် တပ်မတော်ဖက်က ရဟတ်ယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ AA တပ်ဖွဲ့ဝင် တချို့နှင့် ဖမ်းဆီးခေါ်ဆောင်လာသူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့မှုများရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA ဖက်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သူများအထဲမှ အရပ်သားပြည်သူ ၂၅ ဦးကို ဘူးသီးတောင်မြို့နယ် ငွေတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရက္ခိုင့်တပ်တော် AA က ငွေတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ပြန်လွှတ်ပေးခဲ့သည်။

Western News- WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်