test1

ကျောက်တော် ငှက်ပျောချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးမိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်၊ ကျေးရွာအတွင်းမိုင်းထိမှန်သူ ၄ ဦးထိရှိလာ


Western News – ဇွန်လ ၁၈ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသ၊ ငှက်ပျောချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ ယမန်နေ့ ဇွန်လ ၁၇ ရက်ကရွာမှ မိနစ် ၃၀ ခန့်လမ်းလျှောက်သွားရသည့် တောင်သို့ဟင်းရှာရန်သွားစဉ် မိုင်းထိမှန်၍ပြင်းထန်ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။
မိုင်းထိမှန်ခဲ့သည့်အမျိုးသမီးမှာ ဒေါ်အေးမြ အသက် ၄၉ နှစ်ဖြစ်ပြီး ငှက်ပျောချောင်းကျေးရွာတွင်းမှ ၄ ဦးမြောက်မိုင်းထိမှန်သူဖြစ်သည်။

၄င်းမှာ ယမန့် ဇွန်လ ၁၇ ရက် နံနက်ပိုင်းအချိန်က ဖောက်ဖရဲတောင်သို့ အဖော်များနှင့် ဟင်း(မျှစ်)ရှာရန်သွားစဉ် မိုင်းထိမှန်ခဲ့ခြင်း ဖြစ်ပြီး ဘယ်ဖက်ခြေ ခြေမျက်စိထက်မှပြတ်ထွက်သွားကာ ညာဖက်ခြေတွင်လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ မိုင်းထိမှန်အမျိုးသမီးကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုခံယူခဲ့ပြီး ဒဏ်ရာပြင်းထန်သောကြောင့် ယင်းမှတဆင့် စစ်တွေပြည်သူ့ဆေးရုံသို့ယူဆောင်လာခဲ့ရသည်ဟု သမီးဖြစ်သူ မစုပုံချစ်က Western News ကိုပြောသည်။

“ဟင်းရှာဖို့သွားရင်း မနက် ၁၁ နာရီလောက်မှာဖြစ်တာ။ အဖော်တွေလည်းပါတယ်။ သူတို့မှာတော့ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး။ ဒဏ်ရာကတော့ တော်တော်ပြင်းတယ်။ စစ်တွေဆေးရုံကို မနေ့ညနေ ၉ နာရီကျော်လောက်မှာရောက်တယ်”

ဟုပြောသည်။

ယင်းအပြင် ဇွန်လ ၁၆ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ အောက်သံထောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးသည်လည်း ကျေးရွာ တစ်ဖက်ကမ်းတွင်ရှိသည့်တောင်ပေါ်သို့ မျှစ်ခူးရန်သွားစဉ် မိုင်းနင်းမိကာ ညာဖက်ခြေထောက်ပြတ်ထွက်သွားကြောင်း သိရသည်။

ရခိုင်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့၏ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ထိ မိုင်းနှင့် စစ်ကျန်လက်နက်များပေါက်ကွဲမှုကြောင့် ၄၉ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၇၉ ဦးထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏စာရင်းများအရသိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်