test1

စစ်တွေတွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားသည့်အမျိုးသားအတွက် မိသားစုဝင်များမှ တရားမျှတမှုလိုလား


Western News – ဇွန်လ၊ ၂၀ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားသည့်အမျိုးသား ဦးညွှန့်စိုးအောင် (ခ) ဦးမဲကလောင် အတွက် တရားမျှတမှုကို လိုလားကြောင်း မိသားစုဝင်များမှပြောသည်။

သေဆုံးသူမှာ ပြစ်မှုတစ်စုံတစ်ရာလုပ်ဆောင်ထားမှုမရှိဘဲ မိသားစုကိုဦးဆောင်လုပ်ကျွေးနေသူဖြစ်ကြောင်း ယင်းကဲ့သို့ပစ်သတ်ခံရသည့် အတွက် တရားမျှတမှုကိုလိုလားကြောင်း သေဆုံးသူ၏ ညီဖြစ်သူ ဦးညွှန်သိန်းမောင်ကပြောသည်။

“ကျနော့်အကိုက မိသားစုကိုဦးဆောင်လုပ်ကျွေးနေတဲ့လူတစ်ယောက်ပါ။ သူ့မှာဘာအပြစ်မှလုပ်ထားတာမရှိပါဘူး။ ရပ်ရွာအကျိုး အတွက်လည်း အမြဲတမ်းလုပ်ကိုင်ပေးနေတဲ့သူတစ်ယောက်ပါ၊ ခုလိုဘာအပြစ်မှ မရှိဘဲ ပစ်ခတ်ခံရပြီး သေဆုံးသွားရတော့ မိသားစုဝင်တစ်ယောက်အနေနဲ့ မျှတမှုတစ်ခုကိုလိုချင်ပါတယ်” ဟုဆိုသည်။

တူတော်စပ်သူအား အမည်မသိလက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့မှ သတ်ပုတ်၍ လာရောက်ဖမ်းဆီးခြင်းကို ကြားဝင်ဖြေရှင်းပေးရာမှ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ခေမ ဖြစ်သူ ဒေါ်လှရီ မှပြောသည်။

“ သူ့ရဲ့ တူ ကို လူနှစ်ယောက်ကလာဖမ်းတယ်။ ဒီအတိုင်းဖမ်းတာမဟုတ်ဘဲ သတ်ပုတ်ပြီးဖမ်းဆီးနေတာတွေ့တော့ သူက ကြားဝင်ပြီး အဲလိုမလုပ်ဖို့ ဖမ်းမယ်ဆိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ လာဖမ်းဖို့ပြောတော့ မကျေမနပ် ပြောပြီး ထွက်သွားကြတယ်။ ပြီးတော့ နောက်ထပ်လူ ၉ ယောက်ထပ်ရောက်လာပြီး သူ့ကို့ဓားနဲ့ ထိုးဖို့လုပ်တယ်၊၊ သူကပြန်ခုခံနေတုန်း အနောက်ကနေ သေနတ်နဲ့ ပစ်သတ်သွားတာ” ဟုဆိုသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဇွန်လ ၁၉ ရက် ညနေ ၅ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရသူ အမျိုးသားမှာ အသက် ၅၂ နှစ်ခန့်ရှိပြီးဖြစ်ကာ ပစ်ခတ်ခံရသည့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်