Rakhine taunggup
test1

စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့သည့် တောင်ကုတ်ဒေသခံ ပြန်လွတ်လာ


Western News- ဇွန်လ ၁၉ ရက်

တောင်ကုတ်ဒေသခံတစ်ဦးကို ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းက ၁၂ နာရီဝန်းကျင်လောက်က စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့မှ ပူးပေါင်းဖမ်းဆီးခဲ့ပြီးနောက် ယနေ့ ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်း ၅ နာရီအချိန်ခန့်တွင် ၎င်းအားတောင်မြို့မ ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်ကြောင်း ကာယကံရှင်ဖြစ်သူက Western News ကိုပြောသည်။

တောင်ကုတ်မြို့နယ် လမူးအုပ်စု၊ အမှတ်(၅) ရပ်ကွက် (၇) လမ်းတွင်နေထိုင်သူတစ်ဦးဖြစ်သည့် ဦးအေးသန်းမောင် အသက် ၄၁ နှစ်သည် ၎င်းဖခင်ဖြစ်၏ နေအိမ်တွင်း လယ်ထွန်းစက်ကို ပြုပြင်နေစဉ်မှာ အရပ်ဝတ်နှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် စစ်သား ၃ ဦးတို့က သေနတ် ကိုယ်စီကိုင်ဆောင်ကာ လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းကာယကံရှင်ဖြစ်သူက ပြောသည်။

ဒီနေ့ကျနော့်ကို လွှတ်ပေးတာက ၅ နာရီမထိုးခင် လွှတ်ပေးလိုက်တာပါ။ ကျနော့်ကိုဆေးရုံးကို ဆေးစစ်ဖို့သွားကြမယ်ဆိုပြီးတော့ ရဲတပ်သားတစ်ယောက်က လာခေါ်တယ်။ အဲ့ဒီကနေ့ ပြန်လာတော့ ရဲစခန်းမှာ လက်မှတ်ထိုးခဲ့ရတယ်။ ဘာကြောင့်လွှတ် ပေးတယ်ဆိုတာ ကျနော်မသိဘူး၊ ကျန်းမာရေးမကောင်းဘူးဆိုပြီးတော့ပြန်လွှတ်လိုက်တယ်လို့သိရတယ်”

ဟုပြောသည်။

ဇွန်လ ၁၈ ရက်နေ့က ဦးအေးသန်းမောင်ကို ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် စစ်သား ၃ ဦးက ဖမ်းဆီးခဲ့ပြီး လမူးရဲစခန်းထဲကိုခေါ်ဆောင်ခဲ့ခြင်းမရှိဘဲ ၎င်းတို့မှာပါ လာသည့်ှ ကားအဖြူတစ်စီးနှင့် တောင်ကုတ်မြို့မရဲစခန်းတိုက်ရိုက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူ ဦးအေးသန်းမောင်က ပြောသည်။

ဦးအေးသန်းမောင်ဇနီးဖြစ်သူ ဒေါ်သန်းမြင့်ရွှေက“

ကျမယောကျင်္ားကို ဘာမှအပြစ်မရှိဘဲနဲ့ မဖမ်းစေချင်ဘူး။ အခုက နောက်လာပြီး ဖမ်းမှာကို စိုးရိမ်းတယ်။ ဘာကြောင့်နဲ့ ဖမ်းတယ်ဆိုတာလည်း ဘာမှမပြောဘူး”

ဟု ဇနီးဖြစ်သူက ပြောသည်။

စစ်တပ်က အာဏာသိမ်းမှုနှင့်ပတ်သက်၍ တောင်ကုတ်မြို့တွင်ဆန့်ကျင်ဆန္ဒပြမှုတွင်ပါဝင်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခြင်းခံရခြင်း ဖြစ်သည်ဟု ပြောဆိုမှုနှင့် ပတ်သက်ပြီး ၎င်းအနေနဲ့ မည်သည့်မှ ပါဝင်ခြင်းမရှိကြောင်း ပြန်လည်ပြောဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းသို့ ဖုန်းခေါ်ဆိုခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်