Removing mine near villages
test1

ကျေးရွာအနီးနှင့် တောတောင်များတွင် မိုင်းရှင်းလင်းရေး ထပ်မံ လုပ်ဆောင်သွားမည်ဟု ရခိုင် နယ်လုံပြော


Western News – ဇွန်လ ၁၉ ရက်

တပ်မတော်က လမ်မကြီးတစ်လျှောက် မိုင်းရှင်းလင်းရေးများလုပ်ဆောင်ခဲ့သော်လည်း တောတောင်အနီးတွင် မိုင်းရှင်းလင်းမှုကို မလုပ်ဆောင်ခဲ့သောကြောင့် တောတောင်ကို အမှီပြုနေထိုင်ကာလုပ်ကိုင်စားသောက်နေသည့် ဒေသခံပြည်သူများမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပြီး မကြာခဏသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိနေသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝတို့မှာ ဒေသခံအရပ်သားများမှာ မကြာခဏမိုင်းပေါက်ကွဲမှုဖြစ်ကာ ထိခိုက်သေဆုံးမှုများ ရှိနေသည့်အတွက် တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကျေးရွာအနီးတစ်ဝိုက်နှင့် တောတောင်များတွင် မိုင်းရှင်းလင်းရေးလုပ်ဆောင်ပေးရန် အချိန်ကြာမြင့်စွာတောင်းဆိုခဲ့ကြသည်။

ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစ၍ စစ်တွေ-အမ်းလမ်းမကြီးနှင့် ရသေ့တောင်မြို့နယ် အငူမော် မှမောင်တော မြို့နယ် ခမောင်းဆိပ် ကျေးရွာထိလမ်းမများ၏ ဘေးတစ်လျှောက်မိုင်းရှင်းလင်းမှုကို တပ်မတော်က ရက်အနည်းငယ်ကြာ မိုင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး ရပ်တန့်ခဲ့သည်။

ကျေးရွာအနီးနှင့်တောတောင်များတွင် တပ်မတော်အနေဖြင့် မိုင်းရှင်းလင်းရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ရသူက Western News သို့ပြောသည်။

“မိုင်းရှင်းလင်းမှူတွေဆက်လက်လုပ်ဆောင်ဖို့ရှိပါတယ်။ ဘယ်နေ့စလုပ်မယ်ဆိုတာတော့ ကျွန် တော်တို့စီမံချက်တွေ ရရင်ပြောပါ့မယ်။ ဆက်လုပ်ဖို့တော့ရှိတာပေါ့။ လောလောဆယ်တော့ အချိန်အတိအကျ ပြောမရသေးဘူး။ ကျေးရွာတွေနဲ့ တောတောင်တွေမှာလည်း မိုင်းရှင်းလင်းရေးလုပ်ဆောင်ဖို့နောက်ဆက်တွဲ အစီစဉ်အစီစဉ်မှာရှိပါတယ်။ ဆက်သွားရမယ့် လုပ်ငန်းစဉ်ပါ”

ဟုပြောသည်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်တွင် မြေမြှပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားဒေသခံ ၄၄ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၈၂ ဦးထိရှိနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ၏ စာရင်းမှတ်တမ်းများအရသိရသည်။

တောတောင်နှင့် ကျေးရွာအနီး မိုင်းရှင်းလင်းရေးလုပ်ငန်းကို ထိရောက်စွာလုပ်ဆောင်နိုင်ရန် လက်နက်ကိုင်နှစ်ဖက်အဖွဲ့ကြား ခိုင်မာသော သဘောတူညီချက်လိုအပ်ပြီး နှစ်ဖက်တပ်စခန်းကို ရုပ်သိမ်းကာ သဘောတူညီမှုဖြင့်လုပ်ဆောင်မှသာ ထိရောက်မှု ရှိမည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) အတွင်း ရေးမှူးကိုဇော်ဇော်ထွန်းက အကြုံပြုပြောဆိုသည်။

“မိုင်းရှင်းလင်းရေးလုပ်ဆောင်ဖို့အတွက် နည်းပညာပိုင်းတွေအပြင် မိုင်းတွေက နှစ်ဖက်တိုက်ပွဲတွေတပ်စွဲထားတဲ့ တောတောင်တွေနဲ့ ကျေးရွာအနီးတွေမှာထောင်တာတွေများတော့ လက်နက်ကိုင်နှစ်ဖက်ကြားမှာခိုင်မာတဲ့ သဘောာတူညီမှုလိုတယ်။ သဘောတူည်မှုမရှိရင် တစ်ဖက်ထောင်ထားတဲ့ မိုင်းကို တစ်ဖက်က ရှင်းချင်မှ ရှင်းမှာ။ နှစ်ဖက်သဘောတူညီမှုမဟုတ်ဘဲ မိုင်းရှင်းလေးလုပ်ရင်တော့ မိုင်းရှင်းရေးဟာ သိပ်ထိရောက်မှာမဟုတ်ပါဘူး။ ထိရောက်မှုရှိဖို့ စစ်ဘေးရှောင်တွေနေရပ်ကပြန်နိုင်ဖို့ဆိုရင် နှစ်ဖက်တပ်စခန်းတွေ ရုတ်သိမ်းပြီး တပ်စွဲခဲ့တဲ့ကျေး ရွာအနီးနဲ့တောတောင်တွေမှာ သဘောတူညီချက်နဲ့လုပ်ဆောင်မှသာထိရောက်မှုရှိပါမယ်”ဟုပြောဆိုသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက်ပူးပေါင်း၍ မိုင်းရှင်းလင်းရေးလုပ်သွားမည့်အစီစဉ်ရှိလားဟု Western News က မေးမြန်းရာ လက်တစ်လော ဆွေးနွေးထားခြင်းမရှိကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ရသူက Western News ကိုပြန်လည်ဖြေဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AAတို့ကြား ၂ နှစ်ကြာတိုက်ပွဲများဖြစ်ပွားပြီးနောက် ကျေး ရွာအနီးတပ်စွဲထားမှုနှင့် မြေမြှပ်မိုင်းအန္တာရာယ်များကြောင့် စစ်ဘေးရှောင် ၁ သိန်း ၁ သောင်းကျော်မှာ ယနေ့အ ချိန် ထိနေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းများနှင့် နီးစပ်ရာဆွေမျိုးများထံခိုလှုံနေရဆဲဖြစ်သည်။

Western News- WN
ဓာတ်ပုံ AFP


ဆက်စပ်စကားလုံများ : #စစ်ဘေး#ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်