flooding cause of continiously heavy rain in camp
test1

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်မှ စစ်ဘေးရှောင်စခန်း ၁၀ ခုထက်မနည်း ရေနစ်မြုပ်နေ


Western News – ဇွန်လ၊ ၁၉ ရက်

ပြီးခဲ့သည့်တစ်ပတ်ကျော်လောက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်ရှိစစ်ရှောင်စခန်းအချို့တွင် ရေကြီးရေလျှံမှုများဖြစ်နေပြီး ရခိုင်မှ စစ်ဘေးရှောင်စခန်း ၁၀ ခုထက်မနည်း ရေနစ်မြုပ်နေကြောင်း စခန်းတာဝန်ခံများကပြောသည်။
ကျောက်တော်မြို့ရှိ ကရဝိရတနာ စစ်ရှောင်စခန်းတွင် စခန်းတွင်းရေပြည့်လျှံနေသည်မှာ လူနေတဲအိမ်များ၏ ကြမ်းခင်း မြုပ်လုနီးထိ ရှိနေပြီး မိုးဆက်လက်ရွာသွန်းလျှင် နီးစပ်ရာဘုန်းကြီးကျောင်းများသို့ခိုဝင်ရမည့် အခြေအနေထိရှိနေကြောင်း စခန်းတာဝန်ခံ ကိုမောင်သိန်းရွှေ က Western News ကို ပြောသည်။

“စခန်းက စားကျက်မြေထဲမှာဆောက်ထားတာဆိုတော့ မိုးအဆက်မပြတ်ရွာတာနဲ့ ရေတက်လာပြီး စခန်းတစ်ခုလုံး နစ်မြုပ်နေတာပါ။ ရေက တဲအိမ်တွေရဲ့ ကြမ်းခင်းနားအထိ တက်နေပြီ မိုးထပ်ပြီးသာရွာနေမယ်ဆိုရင် စိုးရိမ်စရာ ဖြစ်နေပါတယ်။ ရေထပ်တက်လာမယ် ဆိုရင်တော့ နီးစပ်ရဘုန်းကြီးကျောင်းတွေကို ပြောင်းဖို့တော့ စီစဉ်ထားပါတယ်” ဟုဆိုသည်။

အဆိုပါ ကရဝိရတနာ စစ်ရှောင်စခန်းတွင် အိမ်ခြေ ၂၉၀ နှင့် လူးဦးရေ ၉၀၀ နီးပါးထိရှိကြောင်း သိရသည်။

ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ရှောင်စခန်းတွင်လည်း အမိုးအကာများပျက်စီးနေသည့် တဲအိမ်များရှိ နေပြီး မိုးရွာသွန်းသည့် အခြေအနေတွင် အလွန်အခက်ကြုံရကြောင်း စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်း ကပြောသည်။

“အမိုးတွေပေါက်ပြဲနေတဲ့ တဲအိမ်တွေရှိတယ်။ ခုလိုမျိုး မိုးရွာတော့ သူတို့တွေတော်တော်အခက်ခဲဖြစ်ကြတယ်။ ကျနော်တို့လည်း တတ်နိုင်သလောက်ပဲလုပ်ပေးနိုင်တာပါ။ ငွေကြေးပိုင်းက အခက်အခဲရှိတော့ အဆင်ပြေသလို နေထိုင်နေကြရတာပါပဲ” ဟုဆိုသည်။
စစ်ရှောင်စခန်းအားလုံးနီးပါးရေနစ်မြုပ်နေပြီး အခက်အခဲဖြစ်နေကြကြောင်း ဆောက်လုပ်ထားသောတဲအိမ်များမှာလည်း အိုဟောင်းနေပြီ ဖြစ်ကာ ယခုနှစ်မိုးမကျမီ ပြင်ဆင်နိုင်ခဲ့ရန်လိုကြောင်း REC ၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းမှပြောသည်။
“စခန်းအားလုံးနီးပါး ရေနစ်မြုပ်နေကြတယ်၊၊ နေရေးထိုင်ရေးတွေလည်း တော်တော်အခက်အခဲဖြစ်နေတယ်လို့ နယ်မြေတာဝန်ခံတွေကပြောတယ်။ ပြီးတော့ တဲအိမ်တွေကလည်း စစ်ရှောင်စခန်းအားလုံးလိုလိုမှာ ပျက်စီးနေပြီ၊၊ တကယ်ဆို ဒီနှစ်မိုးမကျခင် ပြင်ဆင်ဖို့လိုခဲ့တာ။ ဒါပေမယ့် ပြုပြင်မှုမလုပ်နိုင်ခဲ့တော့ မိုးတွင်းကာလ တော်တော်ဒုက္ခဖြစ်တာပေါ့”ဟုဆိုသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေနစ်မြုပ်နေသည် စစ်ဘေးရှောင်းစခန်းများမှာ ကျောက်တော်မြို့နယ်က ကရဝိရတနာ၊ တောင်မင်းကုလား၊ ညောင်းချောင်းစစ်ရှောင်စခန်းနှင့် မြောက်ဦးမြို့နယ် တင်ထိမ်ကန်၊ ဝက်လှ၊ စပါးချောင်းတို့ဖြစ်ကြပြီး မြေပုံမြို့နယ် ငန်းတောင်၊ စညှင်း၊ ကိုင်းကြီးတို့ဖြစ်ကြသည်။

Western News- WN
ဓာတ္ပုံ- REC


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်