Western News – ဇွန်လ၊ ၂၁ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းမှ Covid ပိုးတွေ့ရှိသူများလာနေသော်လည်း လက်ရှိအချိန်ထိ ကုန်သွယ်ရေးစခန်းများ ဆက်လက်ကုန်သွယ်မှု ပြုလုပ်နေဆဲဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပိတ်ရန်အခြေနေမရှိဘဲ အကောင်းဆုံးထိန်းချုပ်ပြီး ကုန်သွယ်မှုဆက်လက် လုပ်ဆောင်နေ မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကပြောသည်။
“နယ်စပ်ကုန်သွယ်ရေးကို အကောင်းဆုံးထိန်းချုပ်ပြီး ဆောင်ရွက်နေပါတယ်။ ပိတ်ဖို့လည်းမရှိပါဘူး၊၊ Covid တွေ့တဲ့လူတွေကလည်း ရေထဲမှာပဲ Quarantine ထားပြီးတော့ စစ်တဲ့အခါမှတွေ့တဲ့အတွက် ကုန်းနဲ့ဆက်စပ်မှုမရှိဘူးလေ။ အဲလိုဆိုတော့ အဲဒါတွေကို သေချာလေး ထိန်းချုပ်ပြီးတော့ ဆက်လုပ်နေပါတယ်”
ဟုဆိုသည်။
ရခိုင်တွင် ကညင်ချောင်းစီးပွားရေးဇုန်၊ မောင်တောနယ်စပ်ကုန်သွယ်ရေး၊ စစ်တွေ ရွှေမင််းဂံနယ်စပ်ကုန်သွယ်ရေး ဟူ၍ နယ်စပ်ကုန်သွယ်ရေးစခန်း ၃ ခု ရှိပြီး ၃ ခုလုံးအား ပိတ်ရန်အစီစဉ်မရှိကြောင်း ဗိုလ်မှူးကြီးက ဆက်ပြောသည်။
မောင်တောခရိုင်တွင် Covid ပိုးတွေ့ရှိသူများမှာနယ်စပ်ကုန်သွယ်ရေးစခန်းနှင့်ဆက်စပ်မှုမရှိကြောင်းနှင့် ရောဂါ ကူးစက်မှု မဖြစ်ပွားရန်အတွက် စခန်းတွင် Quarantine Center များပြုလုပ်ထားပြီး သေချာကြပ်မတ်လုပ် ဆောင်နေကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေး ဥက္ကဋ္ဌ ဦးမောင်မြင့်သိန်း ကပြောသည်။
“Covid နဲ့ပတ်သက်ပြီး ကျနော်တို့ စနစ်တကျကြပ်မတ်လုပ်ဆောင်နေပါတယ်။ စခန်းမှာသေချာ Quarantine ထား ပေးတယ်။ ပိုးစစ်ရင်လည်းဒီမောင်တောနယ်စပ်က တစ်ယောက်မှပိုးတွေ့တာမရှိပါဘူး။ မောင်တောမှာ ပိုးတွေ့တဲ့သူတွေကတော့ နယ်စပ်ကုန်သွယ်ရေးနဲ့ ဆက်စပ်မှုမရှိပါဘူး”
ဟုဆိုသည်။
ရခိုင်မှကုန်သွယ်ရေးလုပ်နေသည့် ဘင်္ဂလားဒေ့ရှိနိုင်ငံတွင် လက်ရှိအချိန်အထိ Covid ကူးစက်ခံရသူ ၈၃၀၀၀၀ ကျော်အထိရှိကာ သေဆုံးသူ ၁၃၀၀၀ ကျော်အထိရှိပြီဖြစ်သည်။
ရခိုင်တွင် မေလ လယ်မှ ဇွန်လ ၂၁ ရက်နေ့အထိ covid ပိုးတွေ့ရှိသူ ၇၁ ဦးထိရှိခဲ့ပြီး စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးမှ ၆၆ ဦး၊ မောင်တောတွင် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ ၃ ဦးနှင့် ထွေအုပ်ရုံးမှ ဝန်ထမ်း ၂ ဦးတို့ဖြစ်သည်။
Western News- WN