Sick prisoner at Ann, Rakhine
test1

အကြမ်းဖက်ပုဒ်မဖြင့် တရားရင်ဆိုင်နေရသည့် အမ်းဒေသခံ အကျဉ်းထောင်အတွင်း ကျန်းမားရေးအခြေ အနေပိုမိုဆိုးရွားနေသော်လည်း ဆေးကုသခွင့်မရ


Western News – ဇွန်လ ၂၁ ရက်

အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည) ၅၂(က)နဲ့ တရားရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် စနဲကျေးရွာ မှ ဒေသခံတစ်ဦးမှာ ရိုက်နှက်ခံခဲ့ရသည့် ဒဏ်ရာများကြောင့် အကျဉ်းထောင်အတွင် ကျန်းမာရေးအခြေအနေဆိုးရွားနေသော်လည်း ဆေးကုသခွင့် မရရှိကြောင်း မိသားစုနှင့်ရှေ့နေများကပြောသည်။

ကျောက်ဖြူခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေရသည့် အသက် ၄၅ နှစ်အရွယ် ဦးညီပုမှာ ရိုက်နှက်ခံခဲ့ရသည့် ဒဏ်ရာကြောင့် ပြီးခဲ့သည့် မေလလ ၂၂ ရက်နေ့ ရုံးချိန်းတွင် တရားရုံး၌ တရားရင်ဆိုင်နေရင်း နေမကောင်းဖြစ်လာ၍ ကျောက်ဖြူ ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရသည်။

အဆိုပါဆေးရုံတွင် ၂ ရက်ခန့် ဆေးကုသမှုရရှိခဲ့ကာ အကျဉ်းထောင်ကို ပြန်လည်ခေါ်ဆောင်သွားပြီးနောက် ကျန်းမာရေး အခြေအနေမှာ ပိုမိုဆိုးရွားလာသည့်အတွက် ရှေ့နေမှ တစ်ဆင့် ဆေးကုသမှုတောင်းခံသော်လည်း ခွင့်ပြုချက်မရရှိကြောင်း မိသားစုဝင်များက ပြောသည်။

ယနေ့ဇွန်လ ၂၁ ရက်နေ့ ရုံးချိန်းတွင်သွားရောက်ခဲ့ရာ၌ သူမ၏ ခင်ပွန်းမှာ ယခင်ကထက်ကျန်းမာရေးအခြေအနေများဆိုးရွားနေသည် ကို တွေ့မြင်ခဲ့ရကြောင်း ဇနီးဖြစ်သူ ဒေါ်သန်းသန်းနုက Western News သို့ ပြောသည်။

“မေလလောက်က ကျန်းမာရေးမကောင်းလို့ ဆေးရုံမှာ ဆေးကုသခွင့်ရခဲ့ပေမယ့် ၂ ရက်ပဲရခဲ့တယ်။ သူတို့က အကျည်းထောင်ကို ပြန်ခေါ်သွားကြပြန်ပါတယ်။ ခုလည်း ကျန်းမာရေးက အရင်ကထက်ပိုဆိုးလာတယ်။ ရိုက်နှက်ခံရတဲ့အတွင်းဒဏ်ရာတွေကပိုဆိုးလာပြီး ပိုပြီးနာလာတယ်တဲ့။ ဒီနေ့ ရုံးချိန်းရှိလို့ ကျွန်မလာပြီး သူ့ကိုမေးကြည့်တာ။ ခန္ဓာကိုယ်တွေကလည်း အရမ်းပိန်နေပြီ။ နေမကောင်းလို့ ထမင်းမစားဘဲ ဆန်ပြုတ်ပဲစားရတယ်။ ကျွန်မတို့က ပြင်ပဆေးကုသခွင့်ရဖို့ ရှေ့နေနဲ့တောင်းဆိုပေမယ့် ခွင့်မပြုဘူးတဲ့။ ကျွန်မယောကျင်္ား ထောင်ထဲမှာ ခုလိုခံစားနေရတာကို ကျွန်မတို့ ဒီအတိုင်းကြည့်နေရတယ်။ ဘာမှလုပ်ပေးခွင့်မရဘူး”

ဟုပြောသည်။

ဦးညီပုအပါအဝင် တစ််ရွာတည်းနေထိုင်သူများဖြစ်ကြသည့် ဦးမောင်သန်းတင်၊ ဦးမောင်သန်းမြင့် နှင့် မောင်မင်း စိုးနိုင်တို့ ၄ ဦးမှာ ပြီးခဲ့သည့် ၂၀၂ဝခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့က နေ့အိမ်အတွင်းမှာ ရှိနေစဉ် တပ်မတော်က ဖမ်းစီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။
အမှုလိုက်ရှေ့နေ ဒေါ်မြသန္တာက

“ဆေးကုသခွင့် ဘာလို့ မပေးတာလည်း ဆရာမတို့လည်းမသိဘူး။ ဆရာမက တော့ ဆေးကုသခွင့်ရရှိဖို့ အတွက် အကျဉ်းထောင်နဲ့မိသားစုကြားမှာ ဆွေးနွေးမှုတွေလုပ်ပြီး ပြေလည်အောင် လုပ်ကြဖို့ပြောခဲ့ပါတယ်။ ဒါပေမယ့် ဆေးကုမှုခံ ယူခွင့်ကတော့ မရဘူးပေါ့”

ဟုပြောသည်။

ဦးညီပုအပါအဝင် ၄ ဦးအမှုတွင် လိုပြသက်သေ ၆ ဦးစလုံးကို စစ်ဆေးပြီးပြီဖြစ်ကာ နောက်ဆုံးစွဲချက်အမိန့်ချရန်သာ ကျန်ရှိနေပြီး တရားလိုဖက်မှု အမှုရုတ်သိမ်းလွှာလုပ်ဆောင်နေမှုများကြောင့် အမှုကြန့်ကြာနေခြင်း ဖြစ်ကြောင်း ရှေ့နေ ဒေါ်သန္တာကဆက်ပြောသည်။
ဦးညီပုအပါအဝင် အဆိုပါ ၄ ဦးကို အမ်းမြို့ ခမရ ၃၇၂ တပ်ရင်းမှ ဗိုလ်မှူးကြီး ဟိန်းလွင်ထူးက တရားလိုပြုလုပ်ကာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က ကျောက်ဖြူခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား ၂ နှစ်ကြာတိုက်ပွဲများဖြစ်ပွားပြီးနောက် ရက္ခိုင့် တပ်တော် AAနှင့် ဆက်စပ်သည်ဟုဆိုကာ တပ်မတော်က ဖမ်းဆီး၍ အကြမ်းဖက်ဥပဒေပုဒ်မအဖြင့် တရားစွဲခံ ထားရသူ ၂၀၀ ကျော်ထိရှိကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်း၏ စာရင်းများအရသိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #U Nyi Bu#ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်