Rakhine Pauk Taw TSP
test1

ပေါက်တောမြို့နယ်တွင် ဓားပြတိုက်မှုဖြစ်ပွား


Western News – ဇွန်လ၊ ၂၁ ရက်

ပေါက်တောမြို့နယ် ကုလားချောင်းကျေးရွာအုပ်စု ပြွန်တိုကျေးရွာအနီးတွင် ဇွန်လ ၂၁ ရက်နေ့၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင်များ ထံမှသိရသည်။

ဖြစ်စဉ်မှာ အမ်းမြို့နယ် ပြတောင်မှ ရေကြောင်းလမ်းအတိုင်းသစ်ရောင်းရန်လာရာ ပြွန်တိုကျေးရွာအနီးညအိပ်နေစဉ် စက်လှေဖြင့် လူ ၆ ယောက်ရောက်လာပြီး ပါလာသမျှအကုန်ယူသွားကြောင်း ဓားမြတိုက်ခံခဲ့ရသူ ကိုကျော်ကျော်နိုင်မှ ပြောသည်။

“ကျနော်တို့က အမ်းပြတောင်ကနေ ပုဏ္ဏားကျွန်းကိုသစ်ရောင်းဖို့ဆိုပြီးထွက်လာတာပါ။ ပြွန်တိုနားမှာ ညအိပ်နေတုန်း အာရုဏ်တက်ချိန်လောက်မှာ စက်လှေနဲ့ လူ ၆ ယောက်ရောက်လာပြီး ဖိနပ်ကအစ ကျနော်တို့မှာ ပါလာသမျှတွေကို အကုန်ယူသွားပါတယ်။ သစ် ၁ တန်၊ ငွေတစ်သိန်း၊ ဖုန်း ၂ လုံး၊ ဆိုလာပြား၊ ဘယ်ထရီအိုး၊ ရေနံဆီဘူး ဘုတ်ထဲရှိသမျှအကုန်ပါပဲ”

ဟုပြောသည်။

ဓားမြတိုက်လာသူများမှာ ဓားရှည် ၂ လက်နှင့် သံပိုင်းများပါပြီး ရခိုင်စကားကို အသံဝဲဝဲဖြင့်ပြောဆိုကြကြောင်း ဓားပြတိုက်ခံရသူမှ ဆက်ပြောသည်။

“သူတို့မှာ ဓားရှည် ၂ လက်နဲ့ သံပိုင်းတွေပါတယ်။ ရခိုင်စကားပြောတာအသံဝဲတယ် ရခိုင်သားအစစ်တော့ မဖြစ်နိုင်ဘူး။ ဓားပြတိုက်ပြီးတော့ ကျတော်တို့ကို ကျေနပ်လားမေးတယ်။ ကျနော်တို့ကမကျေနပ်တော့ ဘာလုပ်နိုင်မှာမို့လဲ ကျေနပ်တယ်လို့ပဲပြန်ပြောလိုက်ရတာပေါ့”

ဟုဆိုသည်။

ငွေတစ်သိန်း၊ သစ် ၁ တန်၊ ဖုန်း ၂ လုံး၊ ဘယ်ထရီအိုး၊ ရေနံဆီဘူး စသည်အားလုံးစုစုပေါင်း ငွေကျပ် ၁၅ သိန်းခန့်ကို ဓားပြတိုက်ကြောင်း ကာယကံရှင်ဖြစ်သူများကပြောသည်။

ဓားပြတိုက်ခံရသူများမှာ အမ်းမြို့နယ် ပြတောင်မှဖြစ်ပြီး ကိုကျော်ကျော်နိုင်အပြင် ကိုဇော်နိုင်ထွန်းနှင့် ကိုအကြီး တို့ဖြစ်ကာ ဓားပြတိုက်ခံရမှုကို ရဲစခန်းအားလည်းတိုင်ကြားထားခြင်းမရှိသလို အနီးရှိရပ်ရွာအုပ်ချုပ်ရေးမှူးများ အားလည်းတိုင်ကြားထားခြင်း မရှိကြောင်းကာယကံရှင်များကပြောသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်