plawat tsp
test1

ပလက်ဝတွင် ဝယ်ယူမည့်ကုန်ပစ္စည်းများကို စည်ပင်ထံတင်ပြနေရ


Western News – ဇွန်လ ၂၃ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ကုန်သည်များမှာ မိမိတို့ဝယ်ယူမည့် ကုန်ပစ္စည်းများစာရင်းကို မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနထံ တင်ပြပြီးမှသာ ကုန်ပစ္စည်းများကိုဝယ်ယူခွင့်ရကြောင်းကုန်သည်များကပြောသည်။

ပြီးခဲ့သည် ဇွန်လ ၂၁ ရက်နေ့ စ၍ စည်ပင်ထံတင်ပြရာတွင် ဝယ်ယူလိုသည့် ကုန်ပစ္စည်းစာရင်းအပြင် ဝယ်ယူလိုသူအမည်၊ မှတ်ပုံတင်နံပါတ်၊ သွားရောက်သယ်ယူမည့်သူ အမည်၊ မှတ်ပုံတင်နံပါတ်၊ လူမျိုး၊ အသက်နှင့် ဖုန်းနံပါတ်ကိုလည်း တပါတည်းပေးရကြောင်းသိရသည်။

ပလက်ဝမြို့ခံ ကုန်စုံဆိုင်ပိုင်ရှင် ဦးကျော်မြင့်ဦးက “၂၁ ရက်နေ့က စပြီးတင်ပြနေရတာ။ ကျနော့်မှာ ဒီနေ့တော့ တင်ထားပြီးပြီ။ အခုတော့ တင်ပြပြီးတာနဲ့သွားရပြီ။ သူတို့ကသွားဆိုမှ သွားလို့ရတဲ့ပုံစံတော့မဟုတ်ဘူး။ ၂၈၉ တပ်ရင်းနဲ့ တံတား(ပလက်ဝတံတား)မှာ တော့စစ်တယ်။ စည်ပင်ကပေးလိုက်တဲ့ စာရွက်ကိုပြရတယ်” ဟုပြောသည်။

စည်ပင်ထံတင်ပြလျှင် သွားလာ၍ ရသော်လည်း လမ်းခရီးတွင်လည်း စစ်ဆေးမှုများရှိနေ၍ မသွားရဲဖြစ်နေသလို ပလက်ဝတွင်လည်း ကုန်ပစ္စည်းများရှားပါးမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုန်စုံဆိုင်ပိုင်ရှင် ဦးစောလွင်ကပြောသည်။

“စည်ပင်ဆီကိုတင်ပြရင်တော့ သွားလို့ရတယ်။ ဒါပေမယ့် လမ်းမှာ အစစ်အဆေးတွေများတော့ မသွားရဲဖြစ်နေတယ်။ မသွားရဲတဲ့သူက များနေတယ်။ ကျနော့်မှာလည်း ကုန်ပစ္စည်းတွေမရှိတော့ဘူး။ ကျနော်လည်းမသွားရဲဖြစ်နေတယ်။ ပြီးတော့ ကုန်ပစ္စည်းတွေလည်း ပလက်ဝမှာအတော်ရှားနေတယ်”

ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ပလက်ဝမြို့စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းအား ဆက်သွယ်ရာတွင် ကုန်ပစ္စည်းများပြတ်တောက်မှုမရှိစေရန်နှင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးတို့အတွက် စနစ်တကျဖြစ်အောင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က စီစဉ်ထားခြင်းဖြစ်ကြောင်းပြောသည်။

“ဒီဟာကတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအနေနဲ့ ကုန်စည်စီးဆင်းမှုမပြတ်တောက်အောင်၊ စနစ်တကျဖြစ်အောင်ဆိုပြီးတော့ မြို့နယ်ထွေ/အုပ်က စီစဉ်ထားခြင်းသာဖြစ်တယ်။ ဂိတ်မှာ ပစ္စည်းတွေရောက်ရင်တော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က စစ်တယ်။ စစ်တယ်ဆိုတာက ပလက်ဝမှာ ကုန်ဈေးနှုန်းမြင့်တက်မှုမရှိအောင်ပေါ့”

ဟုပြောသည်။

ပလက်ဝတွင် ဗုံးနှစ်လုံးရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပြီးခဲ့သည့် မေလ ၃၀ ရက်ကစတင်ကာ အသွားအလာကန့်သတ်လိုက်ပြီး ပေါ်ဆန်းမွှေး ဆန်တစ်အိတ်ကို ၅၀၀၀၀ မှ ၇၀၀၀၀ ထိဈေးမြင့်တက်ခဲ့သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်