Mrauk Oo, Rakhine
test1

မြောက်ဦးတွင် လယ်ယာအလုပ်သမားတစ်ဦးအသတ်ခံရ


Western News – ဇွန်လ ၂၈ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်မှ လယ်ယာအငှားလုပ်သမားတစ်ဦးအဖြစ် အလုပ် လုပ်ကိုင်နေသည့် လူငယ်တစ်ဦး ဇွန်လ ၂၇ ရက် ညဉ့်အချိန်က အသတ်ခံရကြောင်းသိရသည်။

၄င်းမှာ မြောက်ဦးမြို့၊ ညောင်ပင်ဈေးရပ်ကွက်မှ ဦးနီအောင်ကျော်ထံတွင် လယ်ယာအငှားအလုပ်သမားအဖြစ် လုပ်ကိုင်နေခြင်းဖြစ်ပြီး မြောက်ဦးမြို့မှ ၃ မိုင်ခန့်ဝေးသည့် ရွာဟောင်းတောကျေးရွာအပိုင် ပန်းဈေးမြောင်း တောအနီးတွင်ရှိသည့် လယ်ထဲတွင်တစ်ဦးတည်း ရှိနေစဉ်အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

အသတ်ခံရသူ၏ ဦးလေးတော်စပ်သူ ဦးထွန်းစိန်မောင် က “မနေ့က လယ်ပိုင်ရှင်လည်းမရှိဘူး။ သူက လယ်တဲမှာတယောက်တည်း ကျန်ခဲ့တယ်။ အဲဒီအနီးအနားကလယ်တဲက လူတွေပြောတာကတော့ မနေ့က ၁၂ နာရီလောက်မှာဖြစ်တာလို့ပြောတယ်။ သူတို့လဲ အသံတွေကြားလိုက်တယ်လို့ပြောတယ်။ လယ်တဲမှာတော့ ဘာအစအနမှ မရှိဘူး။ ဦးခေါင်းမှာတော့ ဓားနဲ့ခုတ်ထားတဲ့ ဒဏ်ရာတစ်ချက်ပါတယ်” ဟုပြောသည်။

အသတ်ခံရသည့် လူငယ်မှာ ဆင်ချဆိပ်ရပ်ကွက်မှ အသက် ၂၀ အရွယ် မောင်မောင်စောထွန်းဖြစ်သည်။ အဆိုပါ အသတ်ခံရမှုနှင့် ပတ်သတ်ပြီး မြောက်ဦးမြို့နယ်ရဲစခန်းမှူးအားဆက်သွယ်ရာတွင် အသတ်ခံရမှုမှာ ဟုတ်မှန်ပြီး တရားခံအားလိုက်လံစုံစမ်း နေကြောင်းပြောသည်။

“အသတ်ခံရတာမှန်တယ်။ သတ်သွားတဲ့သူကို လိုက်လံစုံစမ်းနေတုန်းပဲ။ မိသားစုတွေကတော့ အမှုဖွင့်ထားတယ်။ လူသတ်မှုပုဒ်မ ၃၀၂ နဲ့ပေါ့” ဟုပြောသည်။

လက်ရှိအချိန်တွင် အသတ်ခံရသူ၏ ရုပ်အလောင်းအား မြောက်ဦးပြည်သူ့ဆေးရုံကြီးသို့ယူဆောင်ခဲ့ပြီး ယင်းမှတဆင့် မြောက်ဦးသင်္ချိုင်းသို့ ယူဆောင်ထားကာ မနက်ဖြန် ဇွန်လ ၂၉ ရက်တွင် သင်္ဂြိုလ်မည်ဟုသိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်