APP CHIEF
test1

စစ်တွေမြို့၌ ရခိုင်မျိုးချစ်ပါတီ (APP) ဥက္ကဌ ဟောင်းကို လက်နက်ကိုင်ဆောင်ထားသည့်လူများက ဖမ်းဆီး


Western News – ဇွန်လ ၂၈ ရက်

စစ်တွေမြို့၊ အိုးတန်းရပ်ကွက်ရှိ အိုးတန်းမူလတန်းလွန်စာသင်ကျောင်းရှေ့တွင်ဇွန်လ ၂၈ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီကျော် အချိန်ခန့်တွင် ရခိုင်မျိုးချစ်ပါတီ(APP)၏ ဥက္ကဌဟောင်း ဦးဇော်ဝင်းထွန်းကို လက်နက်ကိုင်ဆောင်ထားသည့်လူ တစ်စုက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်သက်သေများက Western News ကိုပြောသည်။

ဖမ်းဆီးခေါ်‌ဆောင်သွားခြင်းခံရသည့် ဦးဇော်ဝင်းထွန်းမှာ သမီးဖြစ်သူအား ကျောင်းသို့လာပို့နေစဉ် လက်နက်ကိုင် ဆောင်ထားသည့် လူ ၇ ဦးခန့်က ၎င်း၏ နောက်ကျောကိုသေနတ်ဖြင့်ထောက်ကာ ဖမ်းဆီးလိုက်ပြီး ကားတစ်စီး ဖြင့်ခေါ် ဆောင်သွားခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားနေသည့်နေရာ၌ ရှိနေသည့် မျက်မြင်သက်သေတစ်ဦး ကပြောသည်။

“ သူက ၁ နာရီကျော်လောက်မှာ သမီးကို ကျောင်းကိုပို့လာတာ။ အဲဒီအချိန်မှာ လက်နက်နဲ့လူ ၇ ယောက်လောက်က သူ့ရဲ့ နောက်ကျောကိုသေနတ်နဲ့ထောက်ပြီးတော့ ဖမ်းတယ်။ ပြီး‌တော့ သူ့ကိုကားတစ်စီးနဲ့ခေါ်သွားတယ်”ဟု ပြောသည်။
အဆိုပါဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ စစ်တွေမြို့အမှတ်(၁) ရဲစခန်းမှ စခန်းမှူးက” ဖမ်းသွားတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့မသိသေးပါဘူး”

ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ရခိုင်မျိုးချစ်ပါတီ(APP)ကို စတင်တည်ထောင်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် ၎င်းပါတီ ကို ဖျက်သိမ်းကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နှင့် ပူးပေါင်းသွားခဲ့သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်