Sittwe Covid, Tun Thar
test1

ရခိုင်တွင် ကိုဗစ်ပိုးကူးစက်မှုပြန့်ပွားနေသော်လည်း စာသင်ကျောင်းနှင့် ဘဏ်များပိတ်မည်မဟုတ်ဟု ပြည်နယ်ကောင်စီပြော


Western News – ဇွန်လ၊ ၂၉ ရက်

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်မှုများ နေရာအနှံ့တွင်ပြန့်ပွားလာသော်လည်း စာသင်ကျောင်းများနှင့် ဘဏ်များကိုပိတ်ရန် မရှိကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဇွန်လ ၂၈ ရက်နေ့၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် စာသင်ကျောင်းများနှင့် ဘဏ်များကိုပိတ်ရန်အစီအစဉ် မရှိသေးသော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ရောက်ရှိလာလျှင် ပြည်နယ်အုပ်ချုပ်ရေးကောင်စီအနေဖြင့် ပိတ်သင့်မသင့်ကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ပြည်နယ်ကောင်စီအဖွဲ့ဝင် ဥပဒေချုပ် ဦးလှသိန်း မှပြောသည်။

“ လောလောဆယ်အခြေအနေအရတော့ ကျောင်းတွေဘဏ်တွေပိတ်ဖို့မရှိပါဘူး။ တကယ့်အသက်ကို အန္တရာယ်ပြုတဲ့အဆင့် ထိရောက်လာမယ်ဆိုရင်တော့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပိတ်မယ်မပိတ်ဆိုတာကို ဆုံးဖြတ်မှာပါ။ ကျနော်တို့ပိတ်ဖို့တကယ် လိုအပ်ပြီလား ဆိုတာကိုလည်း အမြဲတမ်းစောင့်ကြည့်နေပါတယ်”

ဟုဆိုသည်။

ယင်းအပြင် ပိတ်ရန်မလိုအပ်ဘဲစာသင်ကျောင်းများနှင့် ဘဏ်များကိုပိတ်လိုက်လျှင် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ရာမဖြစ်ဘဲ ပြည်သူလူထုကိုလန့်ဖျတ်မှုသက်သက်သာဖြစ်နေမည်ဖြစ်ကြောင်း ဦးလှသိန်းမှ ထပ်လောင်းပြောဆိုလိုက်သည်။

“ ကျနော်တို့မလိုအပ်ဘဲ ကျောင်းတွေပိတ်မယ်၊ ဘဏ်တွေပိတ်လိုက်မယ်ဆိုရင် ကိုဗစ်ကာကွယ်ရာမကျပဲ မလိုအပ်ဘဲလန့်ဖျတ်မှု သက်သက်သာ ဖြစ်နေပါမယ်။ အသက်ရှင်သန်ရေးကအဓိကကျတယ်ဆိုပေမယ့် ဘဝရှင်သန်ရေးအတွက်လည်း ကျနော်တို့ စဉ်းစားရပါမယ်”

ဟုဆိုသည်။

ရခိုင်ပြည် မောင်တောမြို့တွင် ဇွန်လ ၂၇ ရက်နေ့၌ မြန်မာ့စီးပွါးရေးဘဏ်မှဝန်ထမ်းအမျိုးသားတစ်ဦး တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည်။ ယင်းအပြင် ဇွန်လ ၂၄ ရက်နေ့တွင်လည်း သံတွဲမြို့၊ ဂျိတ္တောရပ်ကွက်ရှိ ကျွဲသောက်ကုန်း (အ.လ.က) ကျောင်းတွင် တာဝန်ကျနေသည့် ဆရာမတစ်ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ သည်။

ကိုဗစ် တတိယလှိုင်း ရခိုင်ပြည်တွင် ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၁၉ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်