Kyaw Than Hlaing, Rakhine Association of Japan
test1

ရခိုင်လူမှုရေးအသင်း(ဂျပန်) ဥက္ကဌဟောင်း ကိုကျော်သန်းလှိုင် ပြန်လွတ်လာ


Western News – ဇွန်လ ၂၉ ရက်

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် ရခိုင်လူမှုရေးအသင်း (ဂျပန်) ၏ ဥက္ကဌဟောင်း ကိုကျော်သန်းလှိုင်သည် ယနေ့ ဇွန်လ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ပြန်လွတ်လာကြောင်းကာယကံရှင်ဖြစ်သူက Western News ကို ပြောသည်။

ကိုကျော်သန်းလှိုင်မှာ ဇွန်လ ၂၅ ရက်က ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ရန်ကုန်လေဆိပ်တွင်ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

ကိုကျော်သန်းလှိုင်အားဖမ်းဆီးခြင်းမှာ ဂျပန်လွှတ်တော်က NUG အစိုးရအား ထောက်ခံရန် သူက လုပ်ဆောင်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခြင်းဖြစ်သည်ဟု ပြန်လည်လွှတ်မြောက်လာသည့်ကာယကံရှင်ဖြစ်သူ ကိုကျော်သန်းလှိုင်မှ Western News ကို ပြောသည်။

“ကျနော့်ကို လေဆိပ်က ဆင်းတာနဲ့ဖမ်းခေါ်ခဲ့တယ်။ ဖမ်းတာကတော့ ဘယ်သူတွေဖမ်းတယ်ဆိုတာမသိဘူး။ သူတို့ကတော့ အရပ်ဝတ်နဲ့ပေါ့။ ဆိုတော့ ကျနော့်ကို ဘယ်နေရာကို ပို့တယ်ဆိုတာတော့ ကျနော်မသိဘူး။ ကျနော့်ကို အဓိကမေးတာ ကတော့ အခု NUG အစိုးရကို ဂျပန်လွှတ်တော်က ထောက်ခံဖို့အတွက်လုပ်တယ်ဆိုပြီးပြောတယ်။ ကျနော်က NUG ကိုထောက်ခံတဲ့ သူမှ မဟုတ်တာ။ စစ်ဆေးတာကတော့ ၄ နာရီလောက်ပဲကြာတယ်” ဟုပြောသည်။

ကိုကျော်သန်းလှိုင်သည် ရခိုင်လူမှုရေးအသင်း(ဂျပန်)၌ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဘဏ္ဍာရေးမူး၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် စာရင်းစစ်မှူး၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ဒုဥက္ကဌ၊ ၂၀၁၃-၂၀၁၄-၂၀၁၅ ခုနှစ်တွင် အတွင်းရေးမှူး၊ ၂၀၁၅-၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဥက္ကဌနှင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ပြန်ကြားရေးမှူး စသည့် တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့ကြောင်းလည်းသိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်