test1

ရခိုင်စစ်ဘေးရှောင်များနှင့် ကိုဗစ်အန္တရာယ်


Western News – ဇူလိုင် ၂ ရက်

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံနေရသူ စုစု‌ပါင်း ၂၀၀ ကျော်အထိရှိလာနေပြီဖြစ်သည်။ ကိုဗစ် ကူးစက်မူများရှိနေသည့်မြို့နယ်များမှာ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်နှင့် သံတွဲမြို့နယ်တို့ဖြစ်သည်။ ယင်းကြောင့် ယခုလိုကိုဗစ်ပိုးကူးစက်ခံနေရသဖြင့် လူစု လူဝေးဖွဲ့ကာနေထိုင်နေကြရသည့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတို့၌ စစ်ဘေးရှောင် နေရသူများအနေဖြင့် မည်သို့စိုးရိမ်မူများရှိနေသလဲ၊ ကြိုတင်ကာကွယ်မူ အပိုင်းတွင်လည်း မည်သို့ဆောင်ရွက်ထားသလဲ စသည်တို့ကို စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေကြသူတို့အား Western News ကဆက်သွယ် မေးမြန်းတင်ဆက် လိုက်သည်။

ဦးကျော်ဆန်း (စေတီပြင်စစ်ဘေးရှောင်စခန်း)

အခုက စစ်တွေ၊ မောင်တော၊ သံတွဲမြို့တွေမှာ ကိုဗစ်ပိုးကူးစက်သူတွေ များလာနေတယ်လို့သိရတယ်။ ကျွန်တော် တို့ကတော့ စစ်ဘေးရှောင်နေရတော့ ကိုဗစ်ရောဂါကို ကြိုတင်ကာကွယ်ဖို့ ဘယ်လိုလုပ်ဆောင်ရလည်းဆိုတာကို မသိဘူး။ စခန်းမှာက ဒုက္ခမျိုးစုံနဲ့ နေကြရတာ။ ကိုဗစ်ကိုအရေးစိုက်ဖို့အချိန်လည်းမရှိဘူး။ ထမင်းတစ်နပ်ကို ဘယ်လိုစားရမလဲဆိုတာကိုပဲ ကြိုးစားပြီးတော့ရှာစားနေကြရတယ်။ တကယ်လို့ စခန်းတွေမှာ ကိုဗစ်ပိုးတွေ ဖြစ်လာခဲ့ရင် အကုန်လုံးထမင်းတွေငတ်၊ သေကြရဖို့ပဲရှိတယ်။ အသိပညာပေးတာတွေကိုလည်း လုပ်ပေးမယ့် အဖွဲ့အစည်းတွေက လာရောက်လုပ်ပေးတာတွေမရှိဘူး။ ဘာတတ်နိုင်မှာလည်း ကျွန်တော်တို့လို စစ်ဘေးရှောင် ဒုက္ခသည်တွေမှာက ဖြစ်လာတဲ့ဒုက္ခကိုခါးစည်းပြီးတော့ခံကြရမှာပဲရှိတယ်။

မလုံးလုံး (စစ်ဘေးရှောင်- ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်း)

အခုကျွန်မနေရတာက စစ်ဘေးရှောင်စခန်းထဲမှာဖြစ်ပါတယ်။ စခန်းထဲမှာက လူထောင်နဲ့ချီလို့ နေထိုင်ကြရတာ။ တစ်ယောက်နဲ့တစ်ယောက် ရောထွေးပြီးတော့နေရတာ။ အဲဒီလိုနေရတာကြောင့် ကိုဗစ်ပိုးကူးစက်မူရှိလာမှာကို စိုးရိမ်မိတယ်။တကယ်လို့ ပိုးကူးစက်မူဖြစ်လာရင် မလွယ်ဘူး။ ဒုက္ခနှစ်မျိုးတောင်ဖြစ်သွားလိမ့်မယ်။ အခုတောင်မှ ဒုက္ခရောက်လို့စစ်ရှောင်စခန်းမှာနေရတာ။ အရင်တုန်းကတော့ ကိုဗစ်နဲ့ပတ်သက်လို့အသိပညာပေးတာ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (IRC) ဟောပြောပေးတာတွေရှိခဲ့တယ်။ အခုတော့သူတို့ အသိပညာပေး တာတွေမလုပ်ပေးသေးဘူး။ အခုကစခန်းမှာနေကြတဲ့သူတွေအကုန်လုံးက Mask တပ်တာတွေမရှိကြဘူး။ အဖွဲ့ အစည်းတွေကလည်း Mask တွေလှုပေးတာတွေမရှိဘူး။ ဒါပေမဲ့ စခန်းကိုတစ်ခြားတစ်နေရာက လူတွေလာရင် တော့ စခန်းတာဝန်ခံကိုတိုင်ကြားပြီးမှ ဝင်ခွင့်ပြုတယ်။ လက်သန့်ဆေးရည်တွေနဲ့ လက်ဆေးမယ့်နေရာတွေတော့ လုပ်ပေးထားတာတွေရှိတယ်။ အခုကရခိုင်မှာ ကိုဗစ်ပိုးကူးစက်နေတာတွေကို ကြားသိနေရတယ်။ အခုလို ကိုဗစ် ပိုးကူးစက်မူတွေဖြစ်လာနေတာနဲ့ ပတ်သက်လို့စိုးရိမ်နေရပါတယ်။

ဦးလှပြည့်အောင် (တိမ်ညိုစစ်ဘေးရှောင်စခန်း)

ကျွန်တော်တို့စခန်းမှာဆိုရင် လူပေါင်း ၃၀၀၀ ကျော်ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်က ပူးပူးကပ်ကပ်နေ ရတာ။ အခုရခိုင်ပြည်နယ်မှာ ကိုဗစ်ပိုးကူးစက်မူတွေရှိလာနေတော့ အရမ်းစိုးရိမ်မူတွေဖြစ်နေပါတယ်။ တကယ်လို့ တစ်ယောက်ယောက်မှာပိုးတွေ့ရင်တော့ စခန်းတစ်ခုလုံးအတွက် အရမ်းအန္တရာယ်ဖြစ်သွားနိုင်ပါတယ်။ အခု လောလောဆယ်တော့ စခန်းမှာ ကိုဗစ်နဲ့ပတ်သက်လို့ပညာပေးတာတွေလုပ်ဆောင်နေတာမရှိပါဘူး။ စခန်းကို အပြင် ကလူတွေလာရင် Mask တွေတပ်လို့မှဝင်ခွင့်ပေးတယ်။ စခန်းကလူတွေကိုလည်း Mask တပ်လို့နေဖို့ခိုင်းထားတာ ရှိတယ်။ လက်ဆေးဖို့ဘေစင်တွေလည်း လုပ်ထားတာတွေရှိတယ်။

ဦးကျော်နိုင် ( ညောင်ချောင်းစစ်ဘေးရှောင်စခန်း)

ကျွန်တော်တို့ ညောင်ချောင်းစခန်းမှာဆိုရင် လူဦးရေက ၃၀၀၀ ကျော်ရှိတယ်။ အကုန်လုံးကရောထွေးပြီးတော့ နေကြရတာ။ ကိုဗစ်ရောဂါဆိုတာကလည်း လူစုလူ‌ဝေးများတဲ့နေရာတွေမှာ ကူးစက်မူဖြစ်တယ်လို့သိရတယ်။ အခုက ကျွန်တော်တို့စခန်းမှာ ကိုဗစ်နဲ့ ပတ်သက်လို့အသိပညာ‌ပေးဟောပြောတာတွေလုပ်လို့မရှိဘူး။ Mask တွေ မရှိကြဘူး။ ဆိုင်တွေကဝယ်ဖို့လည်း ပိုက်ဆံမရှိကြဘူး။ အလှုရှင်တွေလည်း လာရောက်လှုဒါန်းတာတွေ မရှိကြ ဘူး။ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ကြိုတင်ကာကွယ်မူကို ဘာတစ်ခုမှပြင်ဆင်ထားတာတွေမရှိဘူး။ အခုက ရခိုင်မှာ ကိုဗစ်ကူးစက်မူတွေရှိလာတယ်ဆိုတော့ ကျွန်တော်တို့စစ်ဘေးရှောင်တွေအနေနဲ့ အရမ်းကိုစိုးရိမ်နေရပါတယ်။

ဦးစိုးနိုင်(တိမ်ညိုစခန်းတာဝန်ခံ)

ကျွန်တော်တို့စခန်းမှာတော့ ထူးထူးခြားခြားစိုးရိမ်မူတွေတော့မရှိကြဘူး။ ကျွန်တော်တို့က စစ်ဘေးရှောင်နေကြ တဲ့သူတွေကို ကိုဗစ်ပိုးကူးစက်မူမဖြစ်ရအောင် Mask တွေဖြန့်ဝေပေးနေတာ၊ လက်ဆေးဖို့ ဆပ်ပြာရည်တွေကို ပေးတာတွေလုပ်နေတယ်။ သူတို့အပြင်သွား ရင် Mask တပ်ပြီးသွားရမယ်ဆို တာတွေကို ကြိုတင်ပြင်ဆင်မူ အနေနဲ့ လုပ်ပေးထားတာတွေရှိတယ်။ အရင်တုန်း ကဆိုရင် ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့နိုင်ငံခြား အဖွဲ့အစည်း တွေ၊ ပြည်တွင်းကအဖွဲ့အစည်းတွေက အသိပညာပေး တာတွေလုပ်ပေးခဲ့တာရှိတယ်။ ဒါပေမဲ့ အခုရက်ပိုင်း မှာတော့ အဲဒီလိုအသိပညာပေးတာတွေ လုပ်ပေးတာမရှိသေးဘူး။ အခုလက်ရှိစခန်းမှာတော့ ကိုဗစ်နဲ့ ပတ်သက် လို့ထူးခြားမူတွေမရှိသေးဘူး။ ဒါပေမဲ့ အနီးအနားတွေမှာပိုးကူးစက်မူတွေရှိလာရင်တော့ ကျွန်တော်တို့စိုးရိမ်မူ တွေရှိလာကြမယ်။

ဦးရွှေဘော်စိန်( ဥက္ကဌ) ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး

ကျွန်တော်တို့ REC အနေနဲ့လောလောဆယ်တော့ ကိုဗစ်နဲ့ပတ်သက်လို့ စစ်ဘေးရှောင်စခန်းတွေမှာ အသိပညာပေး မူတွေလုပ်ဆောင်ပေးဖို့ အစီအစဉ်ကိုသေသေချာချာမလုပ်နိုင်သေးဘူး။ ကျွန်တော်တို့က အစီအစဉ်ဆွဲထားတုန်း ပဲရှိသေးတယ်။ စခန်းတွေမှာ အခုလိုအသိပညာပေးမူတွေလုပ်ပေးနိုင်ဖို့ ကျွန်တော်တို့အဖွဲ့မှာက ငွေကြေးပိုင်းမှာ လုံလုံလောက်လောက်မရှိဘူး။ ကိုဗစ်နဲ့ပတ်သက်လို့ တစ်ခြားနိုင်ငံတကာအဖွဲ့အစည်းတွေဆီက ထောက်ပံ့ပေးတာတွေလည်း ကျွန်တော်တို့ရရှိထားလည်းမဟုတ်ဘူး။ ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ ကျွန်တော်တို့ ကွာရန်တင်းဝင်ဖို့ အားပေး ကူညီတယ်။ ကွာရန်တင်းဝင်ဖို့ အခက်အခဲရှိနေတဲ့လူတွေကို တစ်ဖက်တစ်လမ်းကကူညီပေးတယ်။ Mask တွေ ထုပ်ပေးတယ်။ လက်သန့်ဆေးတွေထုတ်ပေးတယ်။ အခုအချိန်မှာတော့ စစ်ဘေးရှောင်စခန်းတွေကို ကိုဗစ်နဲ့ ပတ်သက်လို့ဘယ်လို လုပ်ဆောင်ပေးသွားမလဲဆိုတာကို တစ်ခြားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးနေတာတွေရှိတယ် ။

ကျွန်တော်တို့ ရခိုင်ဒေသမှာက အခုဘင်္ဂလားဒေ့ရှ်နဲ့နီးစပ်တယ်။ အိန္ဒိယနဲ့နီးစပ်တယ်။ အများအားဖြင့် ရခိုင်ပြည်နယ်ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက စိုးရိမ်ရတဲ့အခြေအနေရှိတယ်။ အဓိကအားဖြင့် ထိုင်းနဲ့ မလေးရှားဖက်က ပြန်လာတဲ့ရွှေ့ပြောင်းအလုပ်သမားပုဂ္ဂိုလ်တွေကို ကွာရန်တင်းစနစ်တကျမထားနိုင်ပဲ ဒီအတိုင်းသာ သူ့သဘောနဲ့ သူလာပြီးတော့ အယင်နှစ်တွေကဖြစ်ခဲ့တဲ့အတိုင်းသာပိုးကူးစက်မူတွေဖြစ်လာတော့ ပိုပြီးတော့ဒုက္ခရောက်သွား နိုင်တဲ့အခြေအနေတွေရှိတယ်။ အဲဒီကတစ်ဆင့် စစ်ဘေးရှောင်ခစန်းတွေကို ကူးစက်သွားနိုင်တယ်။ အထူးသဖြင့် တော့ မွတ်ဆလင်စခန်းတွေကို ကူးစက်မူတွေပိုများသွားနိုင်တယ်။

Western News-WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်