test1

စစ်တွေမြို့တွင် သေနတ်ပစ်ခံရ၍ သေဆုံးသည့်ဖြစ်စဉ်အား ရဲစခန်းတွင် အမှုဖွင့်ထားခြင်းမရှိ


Western News – ဇူလှိုင်၊ ၂ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် နေအိမ်အတွင်းတွင် သေနတ်ပစ်ခံရ၍ သေဆုံးသွားသူနှင့်ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်ထားခြင်း မရှိကြောင်း သေဆုံးသူ၏ မိသားစုဝင်များကပြောသည်။

အစ်ကိုဖြစ်သူပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ရဲစခန်းတွင်အမှုမဖွင့်တော့ခြင်းမှာ အမှုဖွင့်၍လည်း ထူးခြားမှု ရှိလာမည်မဟုတ်၍ ဖြစ်ကြောင်း သေဆုံးသူ၏ ညီတော်စပ်သူ ကိုစံသိန်းမောင် ကပြောသည်။

သေဆုံးမှုနဲ့ပတ်သက်ပြီးတော့ အမှုမဖွင့်လိုက်တော့ပါဘူး။ လုပ်ရင်လည်းဖြစ်မယ့်အလားအလာမရှိပါဘူး။ ဘယ်မှာ မှမတိုင်တန်း တော့ပါဘူး။ တိုင်လို့လည်းဘာမှထူးလာမှာမဟုတ်လို့ ကျနော်တို့လည်းမတိုင်တော့တာပါ

ဟုဆိုသည်။

သေဆုံးခဲ့သူအမျိုးသားမှာ ဦးညွှန့်စိုးအောင်(ခ) မဲကလောင်ဖြစ်ပြီး အသက် ၅၂ နှစ်အရွယ်ခန့်ရှိပြီဖြစ်ကာ ဇွန်လ ၁၉ ရက် ညနေ ၅ နာရီကျော်ခန့်က အမည်မသိလက်နက်ကိုင်ဆောင်သူတစ်စုက ပစ်သတ်သွား၍ သေဆုံးခဲ့ရခြင်းဖြစ်သည်။

၎င်းအမှုနှင့်ပတ်သက်၍ လုပ်ဆောင်နေမှုများကို သိရှိနိုင်ရန် စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှူးအား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ မအားသေးဟုဆိုကာ ဖုန်းချသွားသည်။

ယခုကဲ့သို့သေနတ်ဖြင့်ပစ်သတ်သွားမှုတွင် ပစ်သတ်သွားသူများမှ ALP အဖွဲ့မှဖြစ်ကြောင်းနှင့် အပြစ်တစ်စုံတစ်ရာ မရှိဘဲ ယခုကဲ့သို့ ပစ်သတ်သွားသည့်အပေါ် တရားမျှတမှုကိုလိုချင်ကြောင်း မိသားစုဝင်များမှ ပြောဆိုထားသည်။

သေဆုံးသွားသည့်အမျိုးသားနှင့်ပတ်သက်၍ စွပ်စွဲချက်များရှိနေခြင်းအပေါ် ALP/ALA မှ မိမိတို့အဖွဲ့ နှင့်သက်ဆိုင်ခြင်း မရှိကြောင်း သေဆုံးသွားသည့်အမျိုးသားအတွက် မိသားစုနှင့် ထပ်တူဝမ်းနည်းမိကြောင်းနှင့် အဆိုပါအမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်စေရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၄ ရက်နေ့၌ ALA (ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်) မှထုတ်ပြန်ထားသည်။

သေဆုံးခဲ့သည့်အမျိုးသားမှာ တူဖြစ်သူအား လက်နက်ကိုင်ဆောင်သည့်လူတစ်စုမှ လာရောက်ဖမ်းဆီးသည်ကို ကြားဝင်ဖြေရှင်းရာမှ ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါသေဆုံးမှုတွင် တရားခံများအား ယနေ့ထိစုံစမ်းနိုင်ခြင်း မရှိသေးပေ။
Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်