test1

ကျောက်တော်မြို့နယ်မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ (၅) ဦးပြန်လွတ်မြောက်လာ


Western News- အောင်စိုး
သြဂုတ် ၁၅ ရက်

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် ကျောက်တစ်လုံးကျေးရွာနှင့် သိန်းတန်ကျေးရွာမှ ကျေးရွာသား ၅ ဦးတို့ကို သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက တပ်မတော် စစ်ကြောင်း တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးသွားသူများကို သြဂုတ်လ ၁၅ ရက်နေ့ ပြန်လည်လွှတ်ပေးလိုက်ပြီး ဖမ်းဆီးခံထားရစဉ်အတွင်းရိုက်နှက်မှုများရှိခဲ့သည်ဟု ပြန်လည်လွှတ်မြောက်လာခဲ့သည် ဦးအောင်ခိုင်လှက Western News သို့ပြောသည်။

“ ဒီနေ့ကျွန်တော်တို့ကို ၈ နာရီကျော်လောက်မှာ ပြန်လွတ်ပေးလိုက်ပါတယ်။ သူ့တို့က ကျွန်တော်တို့ကို AA ကိုထောက်ပံ့ပေးလား ဆိုပြီမေးတယ်။ တုတ်တွေ၊ လက်သီးတွေနဲ့ရိုက်တယ်။ ကျွန်တော်ကတော့ ဘာတစ်ခုကမသိပါလို့ပြောတယ်။ ကျွန်တော်မှာဆိုရင် မျက်နှာဒဏ်ရာရသွားတယ်။ သူတို့ကျွန်တော်တို့ကိုရိုက်နှက်တာ ရေတွက်လို့တောင်မရတော့ဘူး”ဟု ပြန်လည်လွတ်မြောက်လာသူ ဦးအောင်ခိုင်လှက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်တစ်လုံးကျေးရွာမှ ဦးလှလှမောင်၊ ဦးမောင်အေးကျော်၊ ဦးသန်းအောင်ကျော်၊ ဦးအောင်ခိုင်လှနှင့် သိန်းတန်ကျေးရွာမှ ဦးစိန်လှတို့ဖြစ်ပြီး ဖမ်းဆီးခံရသူများမှာ ယနေ့နံပိုင်းက ပြန်လည်လွတ် မြောက်လာသည်ဟု ဖမ်းဆီးခံရသူများနှင့် သူတို့၏ မိသားစုဝင်များက Western News သို့ပြောသည်။

လွတ်မြောက်လာသူများတွင် သိန်းတန်ကျေးရွာမှ ဦးစိန်လှမှာ လည်ပင်းဓါးနဲ့ခြစ်ရာ၊ ရင်ဘတ်များကိုလေးခွနှင့် ထုသည့်ဒဏ်ရာများအပြင် အုပ်ခဲကိုမီးဖုတ်ပြီး ဒူးထောက်ခိုင်းသည့်အတွက် ဒူးနှစ်ဖက်လုံးတွင် အရေပြားများကွာသည့်ဒဏ်ရာများရရှိခဲ့ကြောင်း ဇနီးဖြစ် သူကပြောသည်။

“အုပ်ချပ်တွေကိုမီးဖုတ်ပြီး ဒူးနှစ်ဖက်ကိုထောက်ခိုင်းတယ်။ လည်ပင်းဓားထောက်ရာရှိတယ်။ လေးခွနဲ့ရင်ဘတ်ကို ထုတယ်။ သေနတ်ဒင်နဲ့လည်းထုတယ်လို့ပြောတယ်။ သူက စကားသိပ်ပြောလို့မရဘူး။ ထမင်းစားပြီးလို့ထိုင်နေတာ အဲဒီမှဖမ်းသွားတာ။ ခန္ဓာတွေပေါ်မှာလည်း အညိုအမဲကွက်တွေအများကြီးပါ။ အခုလမ်းလျှောက်လို့တောင်မရဘူး”ဟု ဇနီးဖြစ်သူ ဒေါ်သန်းသန်းချေက ပြောသည်။

ဖမ်းဆီးထိမ်းသိမ်းခံရစဉ်ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့ Western News မှ ဆက်သွယ်ခဲ့သော် လည်းဆက်သွယ်၍ မရရှိခဲ့ပေ။ ဖမ်းဆီးခံရသူများကို ရွေတလဲှကျေးရွာဘုန်းတောကြီးကျောင်းတွင် စစ်ဆေးမေးမြန်း ခဲ့ကြောင်းလည်း ဦးအောင်ခိုင်လှကပြောသည်။

ယင်းအပြင်သြဂုတ်လ ၁၃ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦးတို့ကို ကျေးရွာအတွင်း ရောက်ရှိ နေသည့် စစ်ကြောင်းတစ်ခုမှ ရိုက်နှက်သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း ကျေးရွာသားများက Western News သို့ပြောသည်။

ဒေသတွင်း အရပ်သားများဖမ်းဆီးစစ်ဆေးခံရမှူ၊ နှိပ်စက်ခံရမှုများနှင့်ပတ်သက်ပြီး ရခိုင်လူ့အခွင့်အရေးမြင့်တင် သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းက ယခုလိုသုံးသပ်ပြောဆိုသည်။

“အခုက တပ်မတော်အနေနဲ့နှစ်ဖက်တိုက်ပွဲဖြစ်နေတာမှာ ပြည်သူကိုပဲ အဓိကပစ်မှတ်ထားနေတယ်၊ အပြစ်မဲ့ပြည်သူတွေဟာ မတရားဖမ်းဆီးခံရတယ်၊ သတ်ဖြတ်ခံရတယ်၊ သူတို့က လူ့အခွင့်အရေးချိုးဖောက်တာ အဲဒီလိုဖြစ်နေတယ်။ ကျွန်တော်တို့က အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ကာယရှင်ကိုယ်ဆီက စတိတ်မန့်ယူပြီးတော့ တင်ပေးတာတွေရှိတယ်။ ဒါပေမယ့် အဲဒီလိုလုပ်ပေးရင်လည်း သူတို့ဆီက တစ်စုံတစ်ရာတုန့်ပြန်တာမရှိဘူး။ အဲဒီလိုမျိုးအရေးယူ ဆောင်ရွက်တာတွေမရှိတော့ သူတို့ဟာ လက်ရဲဇက်ရဲတွေရှိလာတယ် ” ဟုပြောသည်။

ယင်းအပြင်သြဂုတ်လ ၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ တောပန်းဇင်းကျေးရွာမှ ဒေသခံ ဦးဇော်အေးမောင်ကို တပ်မတော် စစ်ကြောင်း တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ၎င်းကို သက်ဆိုင်ရာသို့လွှဲပြောင်းပေးခဲ့သည်ဟု သြဂုတ်လ ၁၃ ရက်နေ့မှာ တပ်မတော် ဖက်က သတင်းထုတ်ပြန်သည်။

ဦးဇော်အေးမောင်နှင့်ပတ်သက်၍ တပ်မတော်ဖက်မှသတင်းထုတ်ပြန်ချက်တွင် သြဂုတ် ၁၁ ရက်နံနက် ၆ နာရီခန့်တွင်စံပယ်လှကျေးရွာမှ တောပန်ဇင်းကျေးရွာ ဘက်သို့ကျေးရွာ ချင်းဆက် လမ်းအတိုင်းလမ်းလျှောက်လာသောဦးအေးမောင် ၅၅ နှစ်သည် AA အဖွဲ့မှ တာဝန် ပေးချက် အရလိုအပ်သောရိက္ခာနှင့် ပစ္စည်းများဝယ်ယူ၍ ပို့ဆောင်ပေးရကြောင်းအပေါက်ဝကျေးအနီးတပ်မတော် စစ်ကြောင်း များနှင့် စစ်ရေယာဉ်များအားမိုင်း ထောင်ဖောက်ခွဲခြင်း၊ချောင်းမြောင်းပစ်ခတ်တိုက်ခတ်ခြင်းများဆောင်ရွက်ရန်အတွက်လေးကြိမ် တိုင်တိုင် မြေနေရာ ရွေးချယ်ပေးခဲ့သူဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်ချက်ကရေးသည်။

Western News –WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်