test1

မြောက်ဦးမြို့အထင်ကရ ရှေ့ဟောင်းဘုရားစေတီများတွင် ဘုရားဖူးဧည့်သည်များ အမှိုက်များစွန့်ပစ်မှုရှိနေ


Western News -ဝရ
ဒီဇင်ဘာ ၁၅ ရက်

ရခိုင်တွင် တိုက်ပွဲများရပ်စဲလာပြီးနောက်မြောက်ဦးမြို့ပေါ်သို့ ဘုရားဖူးခရီးသည်များ လာရောက်လည်ပတ်မှုများလာသဖြင့် ရှေးဟောင်းဘုရား၊ စေတီများအနီးတဝိုက်တွင်လည်း အမှိုက်ပစ်ထားမှုများရှိနေသည်။

လတ်တလောတွင် အပစ်ရပ်နေသဖြင့် ဒေသခံဘုရားဖူး အများအပြားလာရောက်လည်ပတ်မှုရှိနေသလို အမှိုက်များကို စနစ်တကျပစ်ထားမှုမရှိခြင်း၊ ဘုရားဂေါပကအဖွဲ့ဝင်များနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း အမှိုက်များကို လိုက်လံ သိမ်းဆည်းမှုအပိုင်း၌ အားနည်း နေခြင်းဖြစ်ကြောင်း မြောက်ဦးဒေသယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့၊ ဒုက္ကဌ ဦးသန်းမြင့်ကပြောသည်။

ဘုရားတွေမှာကတော့ ဂေါပကနဲ့ဆိုင်ပါတယ်။ လတ်တလောဘုရားဖူးများလာတဲ့အတွက် ခြေမကိုင်မိ လက်ကိုင်မိဖြစ်သွားတာ

မြောက်ဦးဒေသယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့၊ ဒုက္ကဌ ဦးသန်းမြင့်

ဘုရားဖူးများအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရန်အတွက် အသိပညာပေးစာစောင်များနှင့် ဘုရားဖူးကားများ ဘုရားရင်ပြင်သို့ အလွယ်တကူတက်ရောက်မောင်းနင်နိုင်ရန်မြောက်ဦးလူငယ်များအစည်းအရုံးမှ လမ်းများကို ရှင်းလင်းသွားမည်ဟုလည်း အစည်းအရုံးဥက္ကဌ ကိုခိုင်မင်းသျှင်ကပြောသည်။

ကျွန်တော်တို့အသင်းအနေနဲ့ စာစောင်များကို လူအများတွေ့ရမယ့်နေရာတွေမှာ ကပ်ထားဖို့ စီစဉ်နေပါတယ်။ အမှိုက်ပုံးတွေကိုလည်း လမ်းဘေးတို့ နေရာအသီးသီးမှာ ချထားဖို့လည်း စီစဉ်နေတယ်

ကိုခိုင်မင်းသျှင်

လက်ရှိအချိန်တွင် မြောက်ဦးမြို့ပေါ်ကို ဒေသခံဘုရားဖူး နေ့စဉ်ထောင်ချီဝင်ရောက်နေပြီး အမှိုက်စွန့်ပစ်မှု အများဆုံးမှာလည်း သျှစ်သောင်း၊ ထုက္ကန့်နှင့် နန်းတော်ကုန်း အနီးတဝိုက်တွင် ပိုမိုများပြားကြောင်းလည်းသိရသည်။

ကျွန်နော်တို့ကတော့ မြို့အတွင်းသန့်ရှင်းရေးတို့ကို လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အကုန်လုံးကိုတော့ မနိုင်ဘူးပေါ့နော်

မြောက်ဦးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်ဖြူ




မြောက်ဦးမြို့သည် ရခိုင်ပြည်နယ်၏ ရှေးဟောင်းယဉ်ကျေးမှု မြို့တော်တစ်ခုဖြစ်ပြီး ပြည်နယ်အတွင်း တိုက်ပွဲ များမဖြစ်မီအချိန်က ပြည်တွင်းခရီးသည်များလာရောက်လည်မှုများရှိခဲ့သည်။

ယင်းမတိုင်မိ ၂၀၁၂ ခုနှစ်ဖြစ်ပွားသည့် ပဋိပက္ခများနောက်ပိုင်းတွင်လည်း မြောက်ဦးမြို့သို့ ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည်တွင်းဘုရားဖူးခရီးသည်များ ကျဆင်းခဲ့သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်