ကာချုပ်သဝဏ်လွှာဝေဖန်ခံရ
test1

ကာချုပ်၏ ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာအပေါ် ရခိုင်တိုင်းရင်းသားများဝေဖန်


Western News – ခိုင်ဇော်ထွန်း
ဒီဇင်ဘာ ၁၅ ရက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၄၆ နှစ်မြောက်ရခိုင်ပြည်နယ်နေ့ သို့ပေးပို့သည့် သဝဏ်လွှာတွင် သမိုင်းဆိုင်ရာအချက်အလက်များနှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ ကိုဖော်ပြရာ၌ ပြည်စုံစွာဖော်မပြခြင်း၊ ကွဲလွဲနေခြင်းများအပေါ် ရခိုင်တိုင်းရင်းသားများက ဝေဖန်ပြော ဆိုကြသည်။



အဆိုပါ သဝဏ်လွှာတွင် ရခိုင်ပြည်နယ်အတွင်း ရခိုင်၊ သက်၊ ဒိုင်းနက်၊ မြို (ခမီ)နှင့် မရမာကြီးတိုင်းရင်းသား တို့နေထိုင်ကြပြီးဟု ဖော်ပြပါရှိပြီး ကမန်မျိုးနွယ်စုကိုချန်လှပ်ထားခြင်းမှာ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲ ရေးကို မလေးစားရာရောက်ကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးတင် လှိုင်ဝင်းက ပြောသည်။

ဓာတ်ပုံ-တပ်မတောိသတင်းမှန်ပြန်ကြားရေး

ကျွန်တော်မြင်တာကတော့ တပ်မတော်ရဲ့အဓိကကျတဲ့အကြီးအကဲတစ်ဦးက ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကိုပေးပို့တဲ့ သဝဏ်လွှာထဲမှာ ရခိုင်မျိူးနွယ်စုတွေကိုဖော်ပြတဲ့အခါ ရခိုင်မျိူးနွယ်စုထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ ကျွန်တော်တို့ကမန်မျိုးနွယ်စုကို ချန်လှပ်ခဲ့တာကိုတော့ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ နောက်တစ်ခုက တပ်မတော်အကြီးအကဲတစ်ယောက်အနေနဲ့လည်း ကျွန်တော်တို့လို တိုင်းရင်းသားမျိုးနွယ်စုငယ်တွေကိုလည်း လေးစားဖို့လိုပါတယ်။ ဆိုတော့ ဒီလိုချန်လှပ်ခဲ့တာဟာ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးကို မလေးစားရာရောက်တယ်

ကမန်အမျိုးသားတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးတင် လှိုင်ဝင်း

ယင်းအပြင် ရခိုင်တိုင်းရင်းသားများဖြစ်ကြသည့် မြိုတိုင်းရင်းသားနှင့် ခမီတိုင်းရင်းသားကို ဖော်ပြရာတွင်လည်း “မြို(ခမီ)” ဟု လူမျိုးနှစ်ခုကို ထင်ယောင်ထင်မှားဖော်ပြထားခြင်းသည် တခြားသောမြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားအနေဖြင့် မြိုနှင့်ခမီ တိုင်းရင်းသားများကို လူမျိုးတစ်ခုတည်းအဖြစ် ထင်မြင်စေနိုင်ပြီး မြိုနှင့်ခမီ တိုင်းရင်းသားများအနေဖြင့်လည်း နားလည်မှုကွဲလွဲသွားနိုင်ကြောင်း ခမီတိုင်းရင်းသား တစ်ဦးဖြစ်သူ ကိုအင်္ဂါအောင်ကပြောသည်။

ရခိုင်ပြည်နယ်မှာက မျိုးနွယ်စု ၇ စုရှိတယ်။ အဲဒီလို မျိုးနွယ်စု ၇ စုရှိတဲ့ဟာကို မြိုဆိုရင်လည်း မြို၊ ခမီဆိုရင်လည်း ခမီ ကျွန်တော်တို့က ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ စကားပြောဆိုမှုတွေမတူညီကြတဲ့အတွက် ကျွန်တော်တို့ ခမီလူမျိူးနှင့် မြိုလူမျိုးကို သီးခြားဖော်ပြပေးစေချင် တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ယောက် အနေနဲ့ ဒီလိုဖော်ပြခြင်းအားဖြင့် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မျိူးနွယ်စုတွေကို ကွဲပြားအောင်လို့ တမင်တကာလုပ်ဆောင်တာလို့မြင်တယ်။ နောက်ပြီး မြိုနဲ့ခမီကို မျိုးနွယ်စုတစ်ခု တည်းဖြစ်အောင် ထင်ယောင်ထင်မှား ဖြစ်အောင်ဖော်ဆောင်နေတယ်လို့မြင်တယ်

ခမီတိုင်းရင်းသား တစ်ဦးဖြစ်သူ ကိုအင်္ဂါအောင်

ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာအတွင်းဖော်ပြပါရှိသော မြန်မာ့လွတ်လပ်ရေးအတွက်ကြိုး ပမ်းဆောင်ရွက်မှုထဲတွင် အရှင်သူမြတ် “ဦးဥတ္တမသာရ” သည်လည်း ရခိုင်ပြည်နယ်မှပေါ်ထွန်းခဲ့သည်ဟု ဖော်ပြခြင်းမှာ မြန်မာ့လွတ်လပ်ရေး၏ မီးရှုးတန်ဆောင် ဆရာတော်ဦးဥတ္တမ တစ်ပါးတည်းသာရှိခဲ့ပြီး အမည်လွှဲမှားဖော်ပြထားသည်ကိုတွေ့ရသည်။

ဦးဥတ္တမသာရဟာ တောင်တန်းသာသနာပြုဆရာတော်ဖြစ်တယ်၊ ဦးဥတ္တမ ဆိုတာက လွတ်လပ်ရေး အတွက်မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ဖြစ်တယ်။ ဆိုတော့ သိလို့မှားတယ်ဆိုတာက မကောင်းဘူး၊ မသိလို့မှားတာ ဆိုရင်လည်း ပြန်ပြင်ပေးဖို့လိုတယ်။ မှားယွင်းတယ်ဆိုတာကတော့ ကောင်းတာ မဟုတ် ဘူး

ရခိုင်သမိုင်းသုတေသီ ဆရာတော်ဦးပညာစာရ
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်