ရခိုင်တွင်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပလာဖွယ်ရှိ
test1

ရခိုင်ပြည်နယ်တွင် လာမည့်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပလာနိုင်ဖို့ လွှတ်တော်ဥက္ကဌ မျှော်လင့်


Western News-ထွန်းသာ
ဒီဇင်ဘာ ၁၇ ရက်

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပစဉ် ရခိုင်ပြည်နယ်တွင်း မြို့နယ် ၉ မြို့နယ်နှင့် ရပ်ကွက်၊ကျေးရွာအုပ်စုတစ်ချို့၌ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

အဆိုပါ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ် ၉ ခုနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့၌ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၁ ခု ဇန်နဝါရီလ မကုန်မီ ပြုလုပ်နိုင်ရန် မျော်လင့်ကြောင့် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ဒီဇင်ဘာလ ၁၆ ရက်နေ့က Western News သို့ပြောကြားသည်။

တပ်မတော်၊ နိုင်ငံတော်သမ္မတ၊ ရက္ခိုင့်တပ်တော် သုံးခုလုံးက ရခိုင်ပြည်တွင်း ရွေးကောက်ပွဲမကျင်းပဘဲ ချန်လှပ်ထားခဲ့သည့် နေရာများတွင် ပြန်လည် ကျင်းပနိုင်ရန် အပြုသဘောဆောင်နေကြခြင်းကြောင့် ရွေးကောက်ပွဲကို လာမည့် ၂၀၂၁ ဇန်နဝါရီလ မကုန်မီ ကျင်းပလာနိုင်ဖို့ မျှော်လင့်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှကဆိုသည်။



ရခိုင်ပြည်မှာ ရွေးကောက်ပွဲ ကျင်းပလို့ ရနိုင်တဲ့ အခြေအနေရှိတယ်။ အခုက အားလုံးအပြုသဘောဆောင်နေတယ်။ အေအေဖက်ကလည်း အပြုသဘောဆောင်တယ်။ တပ်မတော်ဖက်ကလည်း အပြုသဘောဆောင်တယ်။ နိုင်ငံတော်သမ္မတ ဖက်ကလည်း အပြုသဘောဆောင်လာတယ်။ အဲဒါကြောင့်လည်းပဲ လွှတ်တော်မခေါ်မီကာလအတွင်းမှာ ရွေးကောက်ပွဲတစ်ခုခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှ

ရခိုင်ပြည်နယ်၏ နောက်ဆုံးအကြိမ်လွှတ်တော်ကို လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်တွင် ခေါ်ယူကျင်းပမည် ဖြစ်ကြောင်းလည်း ဦးစံကျော်လှက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် နေရာများတွင် ပြန်လည် ကျင်းပပေးနိုင်ရန် ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါကလည်း ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်လာရောက်လေ့လာခဲ့သည့်အပြင် ရခိုင်အမျိုးသားပါတီ (ANP) နဲ့တွေ့ ဆုံဆွေးနွေးခဲ့ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာချုပ်တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့သည်။

ရွေးကောက်ပွဲနှင့်ပတ်သက်လို့ လုပ်မယ်ဆိုရင် လုပ်လို့ ရတဲ့အနေအထားမျိုးရှိတာပဲလေ။ မစ္စတာဆာဆာကာဝါ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌကလည်းပဲ ကမကထပြုပြီးတော့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တဲ့ နေရာတွေမှာ လုပ်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်းတွေ့တယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်စုနဲ့လည်းတွေ့တယ်။ ရွေးကောက်ပွဲ လုပ်နိုင်ဖို့အတွက် တိုက်တွန်းတယ်။ သူကိုယ်တိုင် လေယာဉ်နဲ့လာပြီးတော့ သူရောက်တဲ့ခါ ဘူးသီးတောင်၊ ကျောက်တော်တို့ကို တပ်မတော် ရဟတ်ယာဉ်နဲ့သွားပြီး လေ့လာတယ်။ ပြီးတော့ (ANP) နဲ့လည်းတွေ့တယ်။ ဆွေးနွေးတယ်။ တပ်မတော်ကလည်း လုပ်စေချင်တယ်။ ရခိုင်ပြည်သူတွေ ကလည်းပဲ လုပ်စေချင်တယ်။ အခုဆိုရင် နိုင်ငံတော် သမ္မတကြီးကလည်း ဘာပဲပြောပြော လုပ်ချင်တဲ့သဘောရှိတယ်။ တကယ်တမ်း လုပ်မယ်ဆိုရင် လုပ်လို့ဖြစ်တယ်

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှ

ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျရောက်သည့် (၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်မှ ပေးပို့သော သဝဏ်လွှာတွင် လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပ နိုင်ခဲ့သည့် နေရာများတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံကြောင်းပါရှိသည်။

ထို့အပြင် ရွေးကောက်ပွဲကျင်းပခွင့်မရသည့် ရခိုင်ပြည်နယ်မှ မြို့နယ်နဲ့ ဒေသအချို့တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲကျင်းပလိုသည်ဟူသော ရက္ခိုင့်တပ်တော် AA အဖွဲ့၏ကြေညာချက်အပေါ် တပ်မတော်အနေဖြင့် ကြိုဆိုကြောင်းနှင့် လိုအပ်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ကို ကြေညာထားပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့တွင်ပေးပို့သည့် သဝဏ်လွှာထဲတွင် ဖော်ပြပါရှိသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးအကြောင်းပြချက်ဖြင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော၊ ဘူးသီးတောင်၊ နှင့် မောင်တော ၉ မြို့နယ်တို့တွင် လုံးဝ ရွေးကောက်ပွဲ မကျင်းပဘဲ ချန်လှပ်ထားခဲ့ပြီး၊ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ် ၄ မြို့နယ်တို့တွင် တစ်စိပ်တစ်ပိုင်းသာ ကျင်းပနိုင်ခဲ့သည်။ရခိုင်ပြည်တွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲများ မဖြစ်ဘဲ ရပ်တန့်နေသည်မှာ နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ထိ ၃၈ ရက်ရှိနေပြီဖြစ်သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ ရခိုင်တစ်ပြည်နယ်လုံးတွင် မဲပေးခွင့်ရှိသူစုစုပေါင်း ၁၆ သိန်းကျော်ရှိခဲ့သည့်အနက် ယင်းထဲမှာ ၄ သိန်းကျော်သာ မဲပေးခွင့်ရရှိခဲ့ပြီး ၁၂ သိန်းကျော်သော ရခိုင်ပြည်နယ်မှာ နိုင်ငံသားများမှာမဲပေးခွင့်ဆုံးရှုံးခဲ့ရသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်