test1

သံတွဲတွင် အုပ်ချုပ်ရေးမှူးတစ်ဦး သတ်ဖြတ်ခံရ


Western New – ဇူလိုင်လ ၃ ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဌ ယမန်နေ့ ဇူလိုင်လ ၂ ရက် ညဉ့်အချိန်က သတ်ဖြတ်ခံရ၍သေဆုံးသွားကြောင်းကျေးရွာသားများကပြောသည်။

သတ်ဖြတ်ခံရသည့် ဦးမျိုးဦး အသက်(၄၂)နှစ်မှာ နေအိမ်အတွင်းရှိနေစဉ် လူတစ်စုမှ ၎င်းတို့နှင့်လိုက်ရန်လာရောက်ခေါ်ဆောင်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဓါးဖြင့်ထိုးခံရ၍ သေဆုံးသွားခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် ဆင်ခေါင်းကျေးရွာသား တစ်ဦးက Western News ကိုပြောသည်။

“မနေ့က ၉ နာရီကျော်လောက်မှာ ဦးထုတ်ဆောင်းပြီး Mask တပ်ထားတဲ့ လူ ၈ ယောက်က လာခေါ်တယ်လို့ပြောတယ်လို့ သိရတယ်။ သူ့ရဲ့ မိန်းမက လိုက်သွားလို့ပြောတယ်။ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ ဓါးထိုးခံရတာ။ ဓားဒဏ်ရာက ၈ ချက်ပါ” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီး ဦးထွန်းထွန်းဦးအားဆက်သွယ်ရာတွင် ဓားထိုးခံရ၍ သေဆုံးခြင်းမှာဟုတ်မှန်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့အား အကြောင်းကြားထားကြောင်းပြောသည်။

ယင်းအပြင် သံတွဲမြို့နယ် ရဲစခန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိပါ။လက်ရှိတွင် သေဆုံးသွားသည့် ဦးမျိုးဦး၏ ရုပ်အလောင်းအား သံတွဲဆေးရုံသို့ယူဆောင်သွားပြီး ပုဒ်မ ၃ဝ၂ လူသတ်မှုဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်