Western News – ခိုင်ဇော်ထွန်း
ဒီဇင်ဘာ ၁၆ ရက်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့သို့ပေးပို့သည့် သဝဏ်လွှာတွင် မှားယွင်းဖော်ပြမှုကို ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့သော်လည်း ကမန်မျိုးနွယ်စုပါဝင်လာခြင်း မရှိသည့်အပေါ် ပြည့်စုံစွာ ပြန်လည်ဖော်ပြပေးရန် ကမန်တိုင်းရင်းသားလူမှုကွန်ရက်မှ ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့စွဲဖြင့် သဘောထားထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

ကာချုပ်၏ ပြန်လည်ပြင်ဆင် ထုတ်ပြန်သည့် သဝဏ်လွှာတွင် ရခိုင်ပြည်နယ်အတွင်း ရခိုင်၊ သက်၊ ဒိုင်းနက်၊ မြို ၊ခမီ နှင့် မရမာကြီးတိုင်းရင်းသား တို့နေထိုင်ကြပြီးဟု ဖော်ပြပါရှိပြီး ပြန်လည်ပြင်ဆင်ထုတ်ပြန်ချက်တွင်လည်း ကမန်မျိုးနွယ်စု ပါဝင်လာခြင်းမရှိသည့်အပေါ် များစွာစိတ်မကောင်းဖြစ်ရကြောင်း ကမန်တိုင်းရင်းသားလူမှုကွန်ရက်မှ ဒုဥက္ကဌ ဦးမင်းနိုင်က Western News သို့ပြောသည်။
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးထဲမှာလည်း ကမန်ဟာပါရှိပြီးသားဖြစ်တယ်။
ရခိုင်မှာလည်း မျိုးနွယ်စု ၇ စုရှိတယ်။ အဲဒီမျိုးနွယ်စု ၇ စုရှိတာကို သမိုင်းစာအုပ်တွေမှာရော၊ ရခိုင်ပြည်နယ်နေ့ လက်ကမ်းစာစောင်တွေမှာရော ဖော်ပြထားပြီးဖြစ်ပါတယ်။ ဒီတော့ ကာချုပ်ရဲ့ ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့သို့ ပထမပေးပို့တဲ့ အခါမှာလည်းမပါဘူး။ ပြန်လည်ပြင်ဆင်ပေးပို့တဲ့သဝဏ်လွှာထဲမှာလည်း
ကျွန်တော်တို့ ကမန်တိုင်းရင်းသားမျိုးနွယ်စုပါမလာခဲ့ဘူးဆိုတော့ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်
ကမန်တိုင်းရင်းသားလူမှုကွန်ရက်မှ ဒုဥက္ကဌ ဦးမင်းနိုင်
ဆက်လက်၍လည်း ကာချုပ်၏သဝဏ်လွှာတွင် ကမန်တိုင်းရင်းသားမျိုးနွယ်စု ပါမလာခြင်းမှာအဖွဲ့အစည်းတစ်ခုခုက သမိုင်းဆိုင်ရာအချက်အလက်ပေးပို့ရာတွင် မပြည့်စုံခြင်းဖြစ်နိုင်သလို သဝဏ်လွှာရေးသူ၏ အားနည်းချက်လည်းဖြစ်နိုင်ပြီး ထုတ်ပြန်ချက်များတွင်ဖြစ်စေ ၊ သတင်းများတွင်ဖြစ်စေ ၊ စကားပြောဆိုရာတွင်ဖြစ်စေ မည်သည့်တိုင်းရင်းသားကိုမျှ ချန်လှပ်ထားခြင်းမရှိစေရန် ရည်ရွယ်၍ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဦးမင်းနိုင်ကဆက်ပြောသည်။
ကာချုပ်၏ ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့သို့ ပထမအကြိမ်ပေးပို့သည့် သဝဏ်လွှာတွင် သမိုင်းဆိုင်ရာအချက်အလက်များ မမှန်ကန်ခြင်းနှင့် ရခိုင်မျိုးနွယ်စုများကို ပြည့်စုံစွာဖော်ပြ မထားခြင်းတို့ကြောင့် ရခိုင်တိုင်းရင်းသားများကြားတွင် ဝေဖန်မှုမြင့်တက်ခဲ့သည်။
အဆိုပါသဝဏ်လွှာကို ဒီဇင်ဘာလ ၁၅ ရက်နေ့က တပ်မတော် သတင်းမှန်ပြန်ကြားရေး Facebook စာမျက်နှာမှ ထုတ်ပြန်ခဲ့ပြီး အမှားတစ်ချို့ပြင်ဆင်ကာ ပြန်လည်ထုတ်ပြန်ခဲ့သော်လည်း ကမန်တိုင်းရင်းသားမျိုးနွယ်စု ပါဝင်ခြင်းမရှိကြောင်း တွေ့ရသည်။
Western News-WN
ဓာတ်ပုံ-တပ်မတော် သတင်းမှန်ပြန်ကြားရေးဖေ့စ်ဘုတ်