test1

ရခိုင်တွင် ရိက္ခာပြတ်လပ်နေသည့် စစ်ရှောင်စခန်းပေါင်း ၁၅ ခုထိရှိနေ


Western News – ဇူလှိုင်၊ ၅ ရက်

ရခိုင်ပြည်နယ်တွင် စားနပ်ရိက္ခာပြတ်လပ်မှုရှိနေသည့် စစ်ဘေးရှောင်စခန်းပေါင်း ၁၅ ခထိရှိနေကြောင်း ရခိုင်တိုင်း ရင်းသားမျိုးနွယ်စုအစည်းအရုံး(REC) ၏စာရင်းအရသိရသည်။ရိက္ခာပြတ်လပ်နေသည့် စစ်ရှောင်စခန်းများတွင် အိမ်ထောင်စုစုပေါင်း ၅၀၀ ကျော်ခန့်ရှိပြီး စစ်တွေမြို့တွင် အများဆုံးဖြစ်ကြောင်း REC ၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းမှပြောသည်။

“ တစ်ပြည်နယ်လုံးအတိုင်းအတာအရ ရိက္ခာပြတ်လပ်မှုကြုံနေတဲ့စခန်း ၁၅ ခုလောက်ရှိပါတယ်။ အဲဒီမှာ စစ်တွေကတော့အများဆုံးပဲ။ တစ်ခြား ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မြေပုံ၊ ရသေ့တောင်၊ မြောက်ဦး စတဲ့နေရာတွေကပေါ့။ စခန်းအားလုံးရဲ့ အိမ်ထောင်စု စုစုပေါင်းကတော့ ၅၀၀ ကျော်လောက်ရှိတယ်” ဟုပြောသည်။

ကိုဇော်ဇော်ထွန်း (REC ၏ အတွင်းရေးမှူး)

စစ်ရှောင်စခန်းများအနေဖြင့် ထိုသို့ရိက္ခာပြတ်လပ်မှုကြံနေရသည်မှာ ၃ လနီးပါးခန့်ရှိပြီဖြစ်ကြောင်း ယင်းအခြေ အနေတွင် ဖြစ်သလိုရုန်းကန်၍ စားသောက်နေထိုင်နေကြကြောင်း ဆက်ပြောသည်။

“အချိန်အတိုင်းအတာအရဆိုရင် ၃ လနီးပါးလောက်ရှိပြီ။ အဲလိုအခြေအနေမျိုးမှာ စစ်ရှောင်တွေအနေနဲ့ ကိုယ့်မိသားစုတွေထဲက လုပ်တတ်ကိုင်တတ်တဲ့လူတွေကိုအားကိုးပြီး ဖြစ်သလိုရုန်းကန်နေကြရတာပေါ့။ လုပ်တတ်ကိုင်တတ်ရှိတဲ့သူတွေက နည်းနည်းခံသာပေမယ့် မရှိတဲ့မိသားစုတွေက ပိုဒုက္ခရောက်ကြတယ်” ဟုဆိုသည်။

ကိုဇော်ဇော်ထွန်း (REC ၏ အတွင်းရေးမှူး)

ရခိုင်ပြည်ရှိစစ်ဘေးရှောင်စခန်းများကို ထောက်ပံ့မှုပေးနေသည့် အဖွဲ့အစည်းများထဲတွင် ICRC၊ WFP နှင့် လူကယ်ပြန်တို့မှာ ပုံမှန်ထောက်ပံ့မှုပေးနေသည့် အဖွဲ့များဖြစ်ပြီး ၎င်းအဖွဲ့များမှ ထောက်ပံ့ပေးမှုကြန့်ကြာနေသည့် အခါ စစ်ရှောင်စခန်းများအနေဖြင့် ယခုကဲ့သို့ရိက္ခာပြတ်လတ်မှုကြုံနေကြရခြင်းဖြစ်သည်။

လူကယ်ပြန်မှ စစ်ရှောင်စခန်းအချို့သို့ထောက်ပံ့မှုများမရောက်ရှိသည်ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်(၃) အား ဇူလှိုင်လ ၁ ရက်နေ့တွင် Western News ကဆက်သွယ်မေးမြန်းခဲ့ရာ ထောက်ပံ့ငွေများကိုပုံမှန်ထုတ်ပေးကြောင်း လတ်တလော ဖြစ်ပေါ်နေသည့် ဘဏ်ပြဿနာများကြောင့်သာ ထောက်ပံ့မှုများ ကြန့်ကြာနေခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။

ရခိုင်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်ဦးရေမှာ ၁၀၂၀၀၀ ခန့်ရှိနေပြီး ထိုအထဲတွင် လတ်တလောအခြေ အနေ၌ ရိက္ခာပြတ်လပ်မှုကြုံနေရသည့် လူဦးရေ ၃၀၀၀ နီးပါးခန့်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ စာရင်းများအရသိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်