Butheedaung refugeecamp
test1

ရခိုင်မှစစ်ဘေးရှောင်စခန်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးမှုများဆောင်ရွက်ရန် အစီအစဉ်မရှိသေး


Western News – ခိုင်ဇော်ထွန်း
ဒီဇင်ဘာ ၁၇ ရက်

ရခိုင်ပြည်နယ်မှ မြို့နယ်အသီးသီးတွင်ရှိသောစစ်ဘေးရှောင်စခန်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးမှု လုပ်ငန်းများဆောင်ရွက်ရန် အစီအစဉ်မရှိသေးကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သိရှိရသည်။

ယမန်နှစ်က စစ်ဘေးရှောင်စခန်းများတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း ယခုနှစ်တွင်ပြုလုပ်ရန်အစီအစဉ်မရှိသေးကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းထိုက်က ပြောသည်။

ကျွန်တော်တို့က ဒီ ဒီဇင်ဘာလနောက်ဆုံးအပတ်လောက်မှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ဈေးဆိုင်တွေ ၊ အစိုးရဆေးရုံတွေ ၊ ပုဂ္ဂလိကဆေးရုံတွေ ၊ စက်သုံးဆီဆိုင်တွေမှာ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးမှုတွေလုပ်သွားဖို့တော့ရှိတယ်။ စစ်ဘေးရှောင်စခန်းတွေ မှာ မီးဘေးကြိုတင်ကာကွယ်အသိပညာပေးမှုတွေ လုပ်သွားဖို့တော့ လောလောဆယ်အစီအစဉ်မရှိသေးဘူး။ မနှစ်ကတော့ NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်ဘေးရှောင်စခန်းတွေမှာ မီးသတ်ကယ်ဆယ်ရေးသင်တန်းတွေ လုပ်ခဲ့တာတော့ ရှိတယ်။ တကယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက အကူအညီတောင်းလာရင်တော့ ကျွန်တော်တို့က ပူးပေါင်းပါဝင်လုပ်ဆာင်သွား ဖို့ရှိတယ်

ရခိုင်ပြည်နယ်မီးသတ် ဦးစီးမှူး ဦးသန်းထိုက်

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ချို့မှာ တန်းလျားများ၊ တဲအိမ်ကလေးများဖြစ်ကြပြီး ချက်ပြုတ်သည့်နေရာတွင်လည်း ထင်းကိုသာအများဆုံး အသုံးပြုနေရသဖြင့် ယခုလို ရာသီ၌ မီးဘေးအန္တရာယ်ကို အထူးသတိထားရန်လိုအပ်လာကြောင်းလည်း သိရသည်။

ပွင့်လင်းရာသီရောက်လာတာကြောင့် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များအတွက် အရပ်ဖက်အဖွဲ့အစည်းကသော်လည်းကောင်း၊ မီးသတ်ဦးစီးဌာနကကသော်လည်းကောင်း လာရောက်ပြီး မီးအန္တရာယ်နဲ့ပတ်သက်လို့ အသိပညာပေးခြင်း လာရောက် လုပ်ပေးတာမျိုးကို ဖြစ်စေချင်ကြောင်း မြောက်ဦးမြို့နယ် တိမ်ညို စစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောသည်။

မီးဘေးအန္တရာယ်နဲ့ ပတ်သက်လို့ စိုးတော့ စိုးရိမ်တာပေါ့ စခန်းဆိုတာက ရပ်ရွာတွေနဲ့ မတူးဘူးလေ စခန်းမှာက တစ်ဆောင်နှင့် တစ်ဆောင်က ဆက်စပ်နေတယ်လေ။ ဆိုတော့ မီးဘေးအန္တရာယ်တစ်ခုခု ကြုံလာခဲ့လို့ရှိရင်တော့ အကုန်လုံး ကုန်မှာ ဘာတစ်ခုမှလည်း ကျန်မှာမဟုတ်ဘူး

တိမ်ညို စစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးဝေလှအောင်
ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခု

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်အထိ မီးလောင်မှုပေါင်း ၇၇ ကြိမ်ဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုများကြောင့် လူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပေါင်း ၄၆၅ လုံး မီးလောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၁၆ သန်းကျော်ထိရှိကြောင်းပြည်နယ်မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရသိရှိရသည်။
Western News-WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်