test1

ဖမ်းဆီးခံလူငယ် ၇ ဦးကိစ္စ ပြည်နယ်ကောင်စီသိရှိမှုမရှိဟုဆို


Western News – ဇူလိုင်လ ၆ ရက်

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က သံတွဲ-တောင်ကုတ်ကားလမ်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည့် မိုးပညာဒါန ပရဟိတကျောင်း ဥက္ကဌ ကိုအောင်ဝင်းနိုင်အပါအဝင် လူငယ် ၇ ဦးကိစ္စကို ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက သိရှိမှု မရှိဟုပြောသည်။

“ ကျနော်ကတော့ အဲဒီဟာနဲ့ပတ်သတ်ပြီးတော့ မသိပါဘူး ခင်ဗျ။ ကျနော်လည်း သတင်းထဲမှာပဲဖတ်ရတယ်။ ရဲစခန်းကို လွှဲမယ်ဆိုလို့ရှိရင်တော့ ရဲစခန်းကို ရောက်လာလိမ့်မယ်” ဟုပြောသည်။

ဦးလှသိန်း (ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်)

ဇူလိုင်လ ၅ ရက်နေ့က ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက Western News ၏မေးမြန်းမှုကို ယင်းသို့ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများထဲတွင်ပါဝင်သည့် ကိုအောင်ဝင်းနိုင်၏ ဇနီးဒေါ်တွယ်တာစိုးကမြန်မာစစ်တပ်ကဖမ်းဆီးခြင်းကိုဝန်ခံဖို့လိုကြောင်း Western News ကိုပြောသည်။

“ဖမ်းဆီးထားပြီး ဖမ်းဆီးထားတယ်လို့ ဝန်မခံဘူးဆိုရင်တော့ သူတို့လုပ်ဆောင်ချက်ကမဟုတ်တော့ဘူး။ နည်းလမ်းမကျဘူး”ဟုပြောသည်။

ကိုအောင်ဝင်းနိုင်၏ ဇနီးဒေါ်တွယ်တာစိုး
တောင်ကုတ် မိုးပညာဒါနကျောင်း

တောင်ကုတ်မြို့နယ်ရဲစခန်းမှ စခန်းမှူး ဇော်လတ်ကလည်း အဆိုပါလူငယ် ၇ ဦးအား ဖမ်းဆီးထားခြင်းရှိ၊ မရှိကို သူအနေဖြင့် သိရှိမှုမရှိသလို တောင်ကုတ်ရဲစခန်းသို့လည်း လွှဲပြောင်းပေးထားခြင်းမရှိဟု ဇူလိုင်လ ၄ ရက်က Western News ကို ဖြေဆိုထားသည်။

အဆိုပါလူငယ် ၇ ဦးဖမ်းဆီးခံရသည်မှာ ၁ လထိရှိနေပြီဖြစ်သော်လည်း မိသားစုဝင်များနှင့်အဆက်အသွယ် မရသေးသလို မည်သည့်နေရာတွင်ထားသည်ကို မသိရသေးကြောင်း မိသားစုဝင်များကပြောဆိုသည်။

တောင်ကုတ်မြို့ မိုးပညာဒါနကျောင်းမှ ပရဟိတလူငယ်များ AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရ

ဖမ်းဆီးခံရသည့်သူများထဲတွင် မိုးပညာဒါန ပရဟိတကျောင်းမှ ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင် တစ်ဦးကိုသာ အတည်ပြုနိုင်သေးပြီး ကျန်ဖမ်းဆီးခံရသည့်သူများမှာ မည်သူမည်ဝါဖြစ်သည်ကို ယခုအချိန်ထိစုံစမ်း၍မရရှိသေးပေ။

၂၀၂၀ ခုနှစ် ဧပြီလက စတင်အကောင်ထည်ဖော်ဆောင်ခဲ့သည့် မိုးပညာဒါန ပရဟိတသင်တန်းကျောင်းသည် တောင်ကုတ်မြို့နှင့် ၈ မိုင် ၄ ဖာလုံကွာဝေးသည့် မိုးတောင်တွင်ရှိပြီး အဆိုပါကျောင်းတွင် Computer, English, Workshop နှင့် တစ်ခြားအသက်မွေး ဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးရန်စီစဉ်နေသည့် သင်တန်းကျောင်းတစ်ကျောင်းဖြစ်သည်။

Western News- WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်