Myanmar_Soldiers
test1

တပ်မတော်မှ ရွာထဲတွင်တပ်စွဲထားသည့်အတွက် နေရပ်ပြန်ရန် အခက်အခက်ရှိနေဟု ပလက်ဝဒေသခံများဆို


Western News – ခင်သီတာ
ဒီဇင်ဘာ ၁၇ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံတစ်ချို့မှာ တိုက်ပွဲများရပ်တန့်သွားသည့်အတွက် မိမိတို့ နေရပ်ကို ပြန်လိုကြသော်လည်း ကျေးရွာအတွင်း တပ်မတော်မှ တပ်စွဲထားသည့်အတွက် နေရပ်ပြန်ရန် အခက်အခဲ ရှိနေသည်ဟု ဒေသခံများက western news သို့ပြောသည်။

ဒေသတွင်း စစ်ပွဲများရပ်တန့်သွားသည်မှာ ၁ လကျော်ထိကြာမြင့်နေပြီဖြစ်သဖြင့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရသည်မှာလည်း အဆင်မပြေမှုများစွာရှိနေသည့်အတွက် ရွာကိုပြန်လိုသဖြင့် မိမိတို့ကျေးရွာ၏ အခြေအနေကိုသွားရောက်ကြည့်ရှုသည့်အခါ တပ်မတော်သားများက ရွာထဲတွင် တပ်စွဲထားသည့်အပြင် ရွာကိုဝင်ခွင့်မပြုဟု ပလက်မြို့နယ်၊ အမည်မခံလိုသည့် ရုပ်ဝကျေးရွာမှ ဒေသခံတစ်ဦး ကပြောသည်။

ကျွန်တော်က တိုက်ပွဲတွေကလည်း ငြိမ်သက်နေတာ ကြာပြီဆိုတော့ အမြဲတမ်း စစ်ရှောင်စခန်းမှာမနေချင်ဘူး။ စစ်ဘေးရှောင် စခန်းဆိုတာလည်း သိတဲ့အတိုင်းပဲ ကျွန်တော်က အဆင်မပြေမှုတွေများတယ်။ အလုပ်အကိုင်က လည်းမရှိဘူး။ ဆန်တစ်ခုတည်းနဲ့ ကျွန်တော်တို့မှာ အသက်ရှင်ဖို့မလွယ်ဘူး။ ကိုယ့်ရပ်ရွာကိုပြန်ချင်လို့ ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ရွာကိုသွားကြည့်တယ်။ ရွာထဲကိုတောင်ဝင်ခွင့်မရခဲ့ဘူး။ ဆိပ်ကမ်းကနေပြီးတားတယ်။ ရွာထဲကို ဝင်ခွင့်တောင်မပြုဘူး

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့မှ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး ပလက်ဝမြို့ရှိ ဝိသဒ္ဒါရုံကျောင်းတိုက်စစ် စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရပြီး ကျန်းမာရေးအခက်အခဲအပြင် တစ်ခြားအခဲများစွာရှိနေသည့်အတွက် မိမိတို့ရပ်ရွာပြန်လိုသည်ဟု ရုပ်ဝကျေးရွာမှ ဦးအောင်ကျော်မိုးကပြောသည်။



ပြီးခဲ့တဲ့အပတ်က ရွာကိုပြန်ချင်လို့ အခြေအနေကိုသွားကြည့်တဲ့အထဲမှာ ကျွန်တော်ကောပါတယ်။ ကျွန်တော်တို့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးသုံးဦးပေါ့နော် ရွာအခြေအနေကိုသွားကြည့်တာ။ ဆိပ်ကမ်းကနေပြီး တပ်မ တော်သားတွေကပြောတယ်။ ခင်ဗျားတို့နဲ့ ဒီနေရာဘာတစ် ခုမှမဆိုင်ဘူး။ ရွာထဲဝင်လို့မရဘူးဆိုပြီးပြောတယ်။ ကျွန်တော်တို့ကစစ်ဘေးရှောင်စခန်းမှာပဲ မနေချင်ဘူး။ စခန်းမှာက ဆန်ပဲထောက်ပံ့မှုရှိတာ။ဟင်းတွေ၊ ငါးတွေလည်းရှာထွက်လို့မရဘူး။ ဟိုတစ်လောက ကျွန်တော် ငါးရှာထွက်တော့ ငါးတွေ အကုန်သိမ်းယူသွားတယ်။ နောက်တစ်ခါ ဒီနေရာမလာနဲ့ လာရင်ပစ်သတ်လိုက်မယ်ဆိုပြီးပြောတယ်

ရုပ်ဝကျေးရွာမှ ဦးအောင်ကျော်မိုး

ယင်းသို့ တပ်မတော်မှ တပ်စွဲထား၍ ကျေးရွာသားများနေရပ်ပြန်ရန်ခက်ခဲနေသည့် ကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့နယ် အမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထိုက်အား ဆက်သွယ်မေးမြန်းရာ

ကျွန်တော်က ပလက်ဝဘက်ကိုမရောက်တာကြာပြီ။ ကျွန်တော်က အခု နေပြည်တော်ဘက်ရောက်နေတယ်။ ပလက်ဝမြို့ဖက်က စစ်ဘေးရှောင်တွေ နေအိမ်ပြန်ဖို့ ခက်အခဲဖြစ်နေတာတော့ ပြောဖို့ခက်တာပေါ့နော်။တပ်မတော်က တစ်ခါတစ်လေ နေရာအနှံ့မှာ တပ်စွဲထားတာတွေ ရှိတာပေါ့။ သူတို့ပြန်ပြောင်းကြတယ်။ တစ်နေရာမှာ ၆ လ ၃ လ အဲ့လိုတပ်စွဲပြီးနေကြတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဒေသခံတွေက ကျွန်တော့်ဆီတိုင်ကြားလာတာမရှိပါဘူး။ ကျွန်တော်လည်း မသိပါဘူး

ပလက်ဝမြို့နယ် အမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထိုက်





ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က ရုပ်ဝကျေးရွာတွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရုပ်ဝရွာသား များအပါအဝင် အနီးအနားကျေးရွာများဖြစ်သော အထက်မီးလက်ဝ ၊ အောက်မီးလက်ဝ၊ကေသရွာ ၊လိပ်ကုန်း စသည့်ကျေးရွာမှ ဒေသခံများမှာ ဘေးလွတ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ရ ကြောင်းလည်းသိရသည်။

တပ်မတော်မှ ကျေးရွာအတွင်းတပ်စွဲထားကာ ရွာသားများကို ဝင်ခွင့်မပြုသည့် အကြောင်းအရာနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုမှုမရှိခဲ့ပေ။

Western News- WN


ဆက်စပ်စကားလုံများ : #စစ်ဘေး#ပလက်ဝ
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်