test1

ရခိုင်တွင် ၂ နှစ်ကျော်ကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲကာလအတွင်း သတင်းအစအနမရဘဲပျောက်ဆုံးနေသူ ၂၆ ဦးထိရှိ


Western News – ဇူလိုင်လ ၇ ရက်

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့၏ ၂ ကျော်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများကာလအတွင်း သတင်းအစအနမရဘဲပျောက်ဆုံးနေသူ ၂၆ ဦးထိရှိကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့၏ စာရင်းများအရသိရသည်။

သတင်းအစအနမရဘဲပျောက်ဆုံးနေသူများမှာ ကိုကျော်စိုးဝင်း(တောင်ပေါက်ကျေးရွာ၊ ကျောက်တော်မြို့နယ်)၊ ဦးမောင်စိုးရွှေ (ပြည်တော်သာရပ်ကွက်၊ ကျောက်တော်မြို့)၊ မောင်ဌေးဝင်း၊ မောင်ဝင်းဌေး(ယောချောင်း ရွာသာယာကျေးရွာ၊ မြေပုံမြို့နယ်)၊ ဦးဆန်းရွှေ၊ ကိုမောင်ဝင်းချေ(ဖားပြိုကျေးရွာ၊ မင်းပြားမြို့နယ်)၊ ဦးကျော်မြစိန်(ကျေးရွာအုပ်ချုပ်ရေးမှူး)၊ ဦးသာကျော်၏သား (အမည်မသိရ) (နရန်းကျေးရွာ၊ မင်းပြားမြို့နယ်)နှင့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသား ၁၈ ဦးတို့ဖြစ်သည်။

အဆိုပါပျောက်ဆုံးနေသူများကိုစီစစ်ပေးရန်အတွက် စာရင်းပြုစုကာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထံသို့ တင်ပြတောင်းဆို ခဲ့သော်လည်း ၄င်းပျောက်ဆုံးနေသူများကို မြန်စစ်တပ်က ဖမ်းဆီးထားခြင်းမရှိဟု ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလက အကြောင်းပြန်ကြားထားကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက Western News ကိုပြောသည်။

“ကျနော်ကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ ဒီလိုပျောက်ဆုံးနေသူတွေရှိတယ်။ စီစစ်ပေးပါ။ စုံစမ်းဖော်ထုတ်ပေးပါ ဆိုပြီးတော့ တင်ပြထားတာရှိတယ်။ သူတို့အကြောင်းပြန်တာက ဖမ်းဆီးထားခြင်းမရှိဆိုပြီးတော့ အကြောင်းပြန်လာတယ်။ ပျောက်ဆုံးနေတဲ့ တင်းမကျေးရွာသားစာရင်းကတော့ ကျနော့်ဆီကိုရှိတာ ၁၈ ဦးပါပဲ” ဟုပြောသည်။

ဦးမြတ်ထွန်း (ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ)

ပျောက်ဆုံးနေသူတစ်ဦးဖြစ်သည့် ကိုကျော်စိုးဝင်း၏ ဇနီး ဒေါ်ခိုင်မေဆန်းက သူမ၏ခင်ပွန်း ဖြစ်သူအားဖမ်းဆီးသွားပြီး သတင်းအစအနမရရှိသည်မှာ တစ်နှစ်ကျော်အထိကြာမြင့်နေပြီဖြစ်သလို မိသားစုစားဝတ်နေရေးပိုင်းတွင် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းပြောသည်။

“ကျမယောင်္ကျားကို ဖမ်းဆီးသွားတာ အခုအချိန်ထိ ဘာသတင်းအစအနမှမရသေးဘူး။ ကျမလည်း ကလေးငယ်ငယ်လေးနဲ့ တော်တော်ဒုက္ခရောက်ရေနေတယ်။ ဘာမှလည်းလုပ်စားဖို့အဆင်မပြေဘူး။ သမီးလေး ၆ လအရွယ်ကတည်းက ဖမ်းသွားတာ”ဟုပြောသည်။

ကိုကျော်စိုးဝင်း၏ ဇနီး ဒေါ်ခိုင်မေဆန်း

တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရန် စာတင်ထားသော်လည်း ပြည်နယ်ကောင်စီမှ လျစ်လျူရှုထားဟုဆို

င်းမကျေးရွာသား ၂၁ ဦးကိုတပ်မတော်မှဖမ်းဆီးခေါ်ဆောင်မှုမရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အကြောင်းကြား

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့၏ ၂ နှစ်ကျော်ကြာတိုက်ပွဲကာလအတွင်း သေဆုံးသူ ၃၅၂ ဦး၊ ထိခိုက်ဒဏ်ရာရှိသူ ၇၈၈ ဦးထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏စာရင်းအရ သိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်