test1

သံတွဲတွင် ရဲတပ်ဖွဲ့ဝင်များအပါအဝင် ၁၅ ဦးကိုဗစ်ပိုးထပ်တွေ့


Western News – ဇူလိုင်၊ ၇ ရက်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ရဲတပ်ဖွဲ့ဝင်များအပါအဝင် ၁၅ ဦး၌ ကိုဗစ်ပိုးထပ်တွေ့ရှိထားကြောင်း သံတွဲ ကျန်းမာရေးဌာန၏ အတည်ပြုချက်အရသိရသည်။

ဝန်ထမ်းများအပြောင်းအရွေ့လုပ်သည့်အခါ စစ်ဆေးမှုပြုလုပ်ရာ၌ တွေ့ရှိခြင်းဖြစ်ပြီး ယခင်ကိုဗစ်ပိုးတွေ့ ရှိထားသူများနှင့် ဆက်စပ်မှုရှိသည့် သူများတွင်ထပ်တွေ့ရှိခြင်းဖြစ်ကြောင်း သံတွဲဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်း က Western News ကိုပြောသည်။

“တွေ့တဲ့လူတွေကတော့ သံသယလူနာတွေနဲ့ ရဲဝန်ထမ်းတွေပါတာပေါ့။ ဝန်ထမ်းတွေကတော့ အပြောင်းအရွေ့ လုပ်တဲ့အခါ စစ်ဆေးတော့တွေ့တာပါ။ တွေ့တဲ့သူတွေထဲမှာတော့ အရင်ကိုဗစ်တွေ့ထားတဲ့သူတွေနဲ့အဆက် စပ်ရှိတဲ့သူတွေများတယ်” ဟုပြောသည်။

သံတွဲဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်း

သံတွဲတွင် စုစုပေါင်းကိုဗစ်ပိုးတွေ့ရှိသူ ၈၁ ဦးရှိပြီဖြစ်ပြီး ကိုဗစ်ပိုးတွေ့ရှိထားသူများမှာ ရောဂါလက္ခာဏာ ပြင်းထန်မှုများမရှိဘဲ ကျန်းမာရေးကောင်းမွန်ကြကြောင်း သူကဆက်ပြောသည်။

ဇွန်လ ၃၀ ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့နယ်သို့ ပြောင်းရွေ့လာသောနယ်ခြားစောင့်ရဲ ၂ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီး ၎င်းတို့နှင့်ဆက်စပ်မှုရှိသူအများအပြားတွင်လည်း ကိုဗစ်ပိုးထပ်တွေ့ရှိခဲ့သည်။

အလားတူပင် မောင်တောမြို့တွင်လည်း ဇွန်လ ၂၈ ရက်နေ့၌ အပြောင်းအရွေ့ဖြင့်ရောက်ရှိလာသော ရဲဝန်ထမ်းများနှင့်သူတို့၏ မိသားစုဝင်များတွင် ကိုဗစ်ပိုးတွေ့ရှိမှုများရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်း၌ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသူ ၅ ဦးထိရှိလာပြီး ဇူလိုင်လ ၇ ရက်နေ့အထိ စုစုပေါင်း ကိုဗစ်အတည်ပြုလူနာမှာ ၅၃၂ ဦးထိရှိပြီဖြစ်သည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်