Slai Aung Soe
test1

AA မှပြန်လွတ်လာသူ ဆလိုင်းအောင်စိုးကို တပ်မတော်မှ ခေါ်ယူစစ်ဆေး


Western News- ထွန်းလှ
ဒီဇင်ဘာ ၁၆ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) က ၄ လကျော်ကြာဖမ်းဆီးထားပြီးနောက် ဒီဇင်ဘာ ၁၄ ရက်နေ့ကပြန်လွှတ်ပေးလိုက်သည့် ဆလိုင်းအောင်စိုးကို တပ်မတော်မှခေါ်ယူစစ်ဆေးခဲ့သည်ဟု မိသားစုဝင်များကပြောသည်။

ဆလိုင်းအောင်စိုးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားစဉ်ကာလအတွင်း ညှင်းပင်းနှိပ်စက်ခြင်းများမရှိကြောင်းနှင့် လက်ရှိတွင် ဆလိုင်းအောင်စိုးကို တပ်မတော် နယ်မြေခံတပ်ရင်းတစ်ခုမှခေါ်ယူစစ်ဆေးနေသည်ဟု ယောက်ဖဖြစ်သူ ဦးဝင်းလွဲ့ကပြောသည်။

ကျွန်တော့ယောက်ဖပြောပုံအရတော့ ညှင်းပင်းနှိပ်စက်ခြင်းတော့မရှိဘူး။ ဒါပေမယ့် လက်ထိပ်ခက်တာတို့၊ ထိပ်တုံးခက်တာတွေတော့ရှိတယ်။ ခုလောလောဆယ်မှာတော့ သူ့ကိုတပ်မတော်က ခေါ်ယူစစ်ဆေးနေပါတယ်၊ မနေ့က တစ်ညလုံးစစ်ဆေးတယ်၊ ခုတော့အိမ်ပြန်ရောက်နေပြီလို့ပြောတယ်။ ဘယ်တပ်ရင်းစစ်ဆေးတယ်ဆိုတာ အတိအကျတော့မသိဘူး၊ ကျွန်တော့်အထင် တပ်ရင်း ၂၈၉ လို့ပဲထင်တယ်

ဦးဝင်းလွဲ့

ဆလိုင်းအောင်စိုးအပါအဝင် ချင်းအမျိုးသား ၄ ဦးကို ဇူလိုင်လ ၂၉ ရက်နေ့က ပလက်ဝမြို့နယ်၊ ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တစ်လခန့်အကြာတွင် ဆလိုင်းအောင်စိုးမှလွဲ၍ အခြား ၃ ဦးပြန်လွှတ်ပေးလိုက်သည်။

ဆလိုင်းအောင်စိုးသည်ရက္ခိုင့်တပ်တော်ကို ပုတ်ခက်၍ သတင်းရေးသားသည်ဟူသောအပါအဝင် တပ်မတော်နှင့် အဆက်အသွယ်သည်ဟုဆိုကာ စွပ်စွဲချက်များဖြင့် ဆက်လက်ဖမ်းဆီးထားပြီးနောက် ၄ လကျော်အကြာ ဒီဇင်ဘာ ၁၄ ရက်နေ့ကပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ယောက်ဖဖြစ်သူ ဦးဝင်းလွဲ့ကပြောသည်။

ဆလိုင်းအောင်စိုးသည် ကိုယ်ခန္ဓာအနည်းငယ်ပိန်ချုံ့သွားသည်ကလွဲ၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းကျန်းမာမာရှိကြောင်း လည်းပြောဆိုသည်။ဆလိုင်းအောင်းစိုးကို ကောင်းကောင်းမွန်မွန်ပြန်လွတ်ပေးလိုက်သည့်အပေါ် စိတ်ကျေနပ်မှုရှိကြောင်းနှင့် ပလက်ဝဒေသတစ်ခုလုံးကို တည်ငြိမ်အေးချမ်းစေလိုကြောင်း ဆမီးချင်းအမျိုးသမီးများအဖွဲ့မှ ဒု-ဥက္ကဌ မပွီးပွီးကပြောသည်။

ခုလို ကျန်းကျန်းမာမာနဲ့ ပြန်လွတ်ပေးလိုက်လို့ ကျွန်မတို့အနေနဲ့ စိတ်ကျေနပ်မှုဖြစ်ပါတယ်။ နောက်ပြီး နှစ်ဖက်အဖွဲ့အစည်းတွေ တွေ့ဆုံညှိနှိုင်းပြီးတော့ ဒီဒေသကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်းတာကိုလိုချင်ပါတယ်

ဆမီးချင်းအမျိုးသမီးများအဖွဲ့မှ ဒု-ဥက္ကဌ မပွီးပွီး

တပ်မတော်က စစ်ဆေးခဲ့သည်ဟု မိသားစုဝင်များပြောဆိုချက်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
Western News-WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်