test1

ရခိုင်ဝန်ကြီး ၂ ဦးအား အဂတိ တိုက်ဖျက်ရေး ကော်မရှင်က အရေးယူရန် ပျက်ကွက်နေမှုအပေါ် ဝေဖန်


Western News – အောင်စိုး
ဒီဇင်ဘာလ ၁၉ ရက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့နှစ်ဦးကို အဂတိလိုက်စားမှုကြောင့် ပုဂ္ဂလိကကုမ္ပဏီ ၆ ခုက နိုင်ငံတော် အတိုင်ပင်ခံနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ကို တိုင်ကြားထားသည်မှာ ၃ နှစ်နီးပါးကြာပြီးသော်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိဟုသိရသည်။

ယခုကဲ့သို့သို့ အရေးမယူမှုနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင်စစ်တွေမြို့တွင်ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ဝတီရွှေမြေကုမ္မဏီ ဒါရိုက်တာ ဦးနှင်းထွန်းတိုးကမီဒီယာများအားရှင်းလင်းခဲ့သည်။

ကျွန်တော်တို့ကုမ္ပဏီ ၆ ခုကဝန်ကြီးဦးကျော်အေးသိန်းနဲ့ ဝန်ကြီး ဦးဝင်းမြင့်တို့ကို အဂတိကော်မရှင်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ၊ သမ္မတတို့ကို အဂတိလိုက်စားမှုနဲ့ တိုင်ကြားထားရာမှာ အခုဆိုရင် ၃ နှစ်နီးပါးရှိနေပြီဖြစ်တယ်။ ဒါပေမဲ့ သူတို့နှစ်ဦးကို တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးရန်အတွက် အကြောင်းပြန် လာတာမရှိတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာဖြစ်တယ်

ဦးနှင်းထွန်းတိုး

ဝန်ကြီးဦးကျော်အေးသိန်းကို မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ဟင်းသီး၊ ဟင်းရွက်ဈေးတည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူရာတွင် မူလလျှောက်ထားသည့် ကုမ္ပဏီကို ဆောက်လုပ်ခွင့်မပေးဘဲ တင်ဒါမလျှောက်ခဲ့သည့် ကုမ္ပဏီကို ဆောက်လုပ်ခွင့်ပေးလိုက်သည် ဟုဆိုကာ ကုမ္ပဏီ ၆ ခုက ၎င်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူပေးရန် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ဝန်ကြီးဦးဝင်းမြင့်ကိုလည်း မြောက်ဦးမြို့တော်ခန်းမ ဆောက်လုပ်ရန်ကိစ္စနှင့်ပတ်သက်၍ တင်ဒါခေါ် ယူရာတွင် မှုလဆောက်လုပ်နေသည့်ကုမ္ပဏီကို တင်ဒါလျှေက်ခွင့်မပေးဘဲ တစ်ခြားကုမ္ပဏီကို တင်ဒါခေါ်ပေးလိုက်ခြင်းသည် လုပ်ထုံးလုပ်နည်းနှင့်မညီဟုဆိုကာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးနှစ်ဦးအား အဂတိလိုက်စားသည်ဟုဆိုကာ အရေးယူပေးရန်တိုင်ကြားထားသည့် ကုမ္ပဏီ ၆ ခုမှာ မြောက်ဦးရွှေနန်းမြေကုမ္ပဏီ၊ အဥ္ဇနအားမာန် ကုမ္ပဏီ၊ ဝတီရွှေမြေ ကုမ္ပဏီ၊ ဘဝသစ်အောင်ခိုင်ဦးကုမ္ပဏီ၊ သီဟ ရာဇာထွန်းကုမ္ပဏီနှင့် ကျော်လွှားသဇင် ကုမ္ပ ဏီတို့ဖြစ်သည်။

ဝန်ကြီးများကိုတိုင်ကြားခဲ့သည့် ကုမ္ပဏီ ၆ ခုကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ် သည့် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ မမှန်မကန်တိုင်ကြားသက်သေ ထွက်ဆိုခြင်း ဖြစ်သည်ဟုဆိုကာ အဆိုပါကုမဏီ ၆ ခုကို Black List (အမည်ပျက်စာရင်း) တွင်ရေးသွင်းရန် ဆုံးဖြတ်လိုက်သည်။ကုမ္ပဏီ ၆ ခုကို Black List (အမည်ပျက်စာရင်း) သွင်းထားသည့်ကိစ္စနှင့်ပတ်သက်၍ ဝတီရွှေမြေကုမ္ပဏီ ဒါရိုက်တာ ဦးနှင်းထွန်းတိုးက

ကျွန်တော်တို့ ကုမ္မဏီတွေကို အမည်ပျက်စာရင်းသွင်းထားတဲ့အတွက် တင်ဒါခေါ်တဲ့ အခါတင်ဒါလျှောက်ခွင့် မရှိတော့ဘူး။ ကျွန်တော်တို့ကုမ္ပဏီကို အမည်ပျက်စာရင်း သွင်းထားတာ ၃ နှစ်နီးပါးရှိပြီ။ အစစအရာရာ အကုန်လုံး နစ်နာမှုတွေရှိနေတယ်။ ကျွန်တော်တို့က ငွေကြေးအရှုပ်အယှက်နဲ့ပတ်သက်လို့ အမည်ပျက်စာရင်းသွင်းထားတာ မဟုတ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့မှာ အများကြီးထိခိုက်နစ် နာမှုတွေရှိနေတယ်

ဦးနှင်းထွန်းတိုး

တိုင်ကြားချက်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီးဦးဝင်းမြင့်က

မြောက်ဦးမြို့တော်ခန်းမကိစ္စပေါ့။ အဲဒီကိစ္စက ကျွန်တော့ထံမှာ ကိုနှင်းထွန်းတိုးကလုပ်ငန်းတင်ဒါတင်တယ်။ ဒါပေမဲ့ ပထမ ဘတ်ဂျက်တုန်းက သူလုပ်ခဲ့တယ်။ ဒါပေမဲ့နောက်တစ်နှစ်မှာ အဲဒီမြို့တော်ခန်းမအတွက်ဘက်ဂျက်မပါဘူး။ တစ်နှစ်ကျော်ပြီးတဲ့ နောက်တစ်နှစ်မှာ အဲဒီဘက်ဂျက်မှာ ပါလာတယ်။ ဘက်ဂျက်ပါလာတော့ ကျွန်တော်တို့ကလုပ်ငန်းစည်းမျဉ်းစည်းကမ်းအရ ကျွန်တော် သူ့ကိုပေးလို့မရဘူး။ တင်ဒါပေးလို့မရတော့ ကျွန်တော်က တင်ဒါခေါ်တယ်။ သူ့ကိုလည်းပြောခဲ့တယ်။ အကိုလည်းလျှေက်လို့ရတယ်လို့။ တင်ဒါလုပ်ငန်းတစ်ခုခေါ်တိုင်း ကုမ္ပဏီတိုင်းလျောက်ပိုင်ခွင့်ရှိတယ်။ အကို့ကိုမှသီးခြားပေးဆိုလို့ ပေးလို့မရဘူးလို့ ကျွန်တော်ပြောတယ်။ သူက တင်ဒါလျောက်ခဲ့တယ် ဘာတွေပြောပြော။သူ့ကုမ္ပဏီက တင်ဒါလျောက်လို့မရှိခဲ့ဘူး။ ဆိုတော့ လျောက်ထားတဲ့ ကုမ္ပဏီကိုပေး လိုက်တာပေါ့။ ဒါကိုသူက လုပ်ငန်းကိုမပေးရဘူးလို့လားဆိုပြီးတော့ အဂတိကိုတိုင်ထားခဲ့တယ်။ အဲဒီတိုင်ကြားချက်နဲ့ ပတ်သက်လို့တော့ ကျွန်တော်က ရင်ဆိုင်ဖြေရှင်သွားမယ်။ ကျွန်တော့်ဆီမှာလည်း ခိုင်မာတဲ့ သက်သေတွေရှိတယ်။ တရားဥပဒေကို ကျွန်တော် ဘယ်တုန်းကမှ အလွဲသုံးစားမလုပ်ဘူး။ ဥပဒေအတိုင်းပဲဖြစ်ရမယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီးဦးဝင်းမြင့်

ဆက်လက်ပြီး ဦးနှင်းထွန်းတိုးက အဂတိလိုက်စားမှုဖြင့်တိုင်ကြားထားသည့် ဝန်ကြီးနှစ်ဦးကို ပြည်ထောင်စုအစိုးရ အနေဖြင့် အမှုမှန်ပေါ်ပေါက်ခဲ့လျင် အရေးယူပေးစေချင်သလို ရခိုင်ပြည်နယ်မှာ တင်ဒါလုပ်ငန်းနှင့်ပတ်သက်ပြီး ဖြစ်ပျက်နေသည့် အရာများကိုလည်း သိစေချင်သည်ဟုဆိုသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်