test1

ရေလုပ်သားအား ဓါးဖြင့်ခုတ်သတ်ခဲ့သူကို စစ်တွေမြို့ ဆက်ရိုးကျတံတားတွင် ဖမ်းဆီးရမိ


Western News – ဇူလိုင်လ ၈ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောရွာမကျေးရွာမှ ရေလုပ်သားတစ်ဦးအားဓါးဖြင့်ခုတ်သတ်ခဲ့သည့် ပြစ်မှုကျူးလွန်ခဲ့သူကို ဖမ်းဆီးရမိထားကြောင်း စစ်တွေမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှ ပြောသည်။

ပြစ်မှုကျူးလွန်သူမှာ ဝင်းမောင်ချေ အသက် ၃၀ နှစ်ဖြစ်ပြီး သတ်ဖြတ်ခံခဲ့ရသူမှာ ၎င်း၏ အလုပ်ရှင်ဖြစ်သူဦးစံဦးကျော် အသက်(၆၅)နှစ်ဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ပြစ်မှုကျူးလွန်သူ မောင်ဝင်းချေကို ယနေ့ နေ့လည်ပိုင်းအချိန်က ဆတ်ရိုးကျတံတားဟောင်း အနီးတွင် ဖမ်းဆီးရမိခဲ့သည်ဟု စစ်တွေမြို့နယ်၊ အမှတ် ၂ နယ်မြေရဲစခန်းမှူးက Western News ကိုပြောဆိုသည်။

“လိုက်လံစုံစမ်းဖမ်းဆီးတော့ ဆတ်ရိုးကျတံတားဟောင်းနားမှာ ဖမ်းဆီးရမိတယ်။ သူ့ကိုတော့ အသေးစိတ်မစစ်ဆေးရသေးဘူး။ လူသတ်မှု ဥပဒေပုဒ်မ ၃၀၂ နဲ့အမှုဖွင့်ထားတယ်” ဟုပြောသည်။

စစ်တွေမြို့နယ်၊ အမှတ် ၂ နယ်မြေရဲစခန်းမှူး

စစ်တွေမြို့နယ်၊ ကျေးတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးဝင်းသာ က ”ဒီနေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိတယ်လို့သိရတယ်။ ဖြစ်စဉ် ကတော့ အဲဒီငါးဖမ်းလှေဟာ မနေ့က ငါးဖမ်းဆီးပြီးတော့ ဆိပ်ကပ်လာတာ။ ဒီနေ့ နံနက်က ငါးတွေရောင်းပြီး ရွာ(ကျေးတော)ကို ပြန်ဖို့လှေကိုတွန်းနေစဉ်မှာ စကားတွေများပြီးတော့ ဓါးနဲ့ခုတ်ခံရတာ ဖြစ်တယ်။ ပြီးတော့ သူတို့နှစ်ယောက်ဟာ အရင်ကလည်း စကားများထားကြတာရှိတယ်လို့လည်း သိရတယ်” ဟုပြောသည်။

သေဆုံးသွားသည့် ဦးစံဦးကျော်၏ ရုပ်အလောင်းအား စစ်တွေဆေးရုံသို့ယူဆောင်သွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်လက်ပြောဆိုသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်