test1

အမ်းမြို့နယ်တွင် ယခုနှစ်မိုးရာသီအတွင်း ဒီရေပင် ၁ သိန်း ၇ သောင်းကျော်စိုက်ပျိုးနိုင်ခဲ့


Western News – ဇူလိုင်၊ ၈ ရက်

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် မိုးရာသီအတွင်း ဒီရေပင်များစိုက်ပျိုးလျက်ရှိရာ လက်ရှိအချိန်ထိ ပျိုးပင်ရေ ၁၇၀၀၀၀ ကျော်ခန့် စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ပြီးစီးသွားသည့် ဒီရေပင်အရေအတွက်အပြင် နောက်ထပ်ဒီရေပင် ၁ သိန်းဝန်းကျင်ခန့် စိုက်ပျိုးရန်ရှိသေးကြောင်း ဒီရေပင်များစိုက်ပျိုးရာတွင် ဦးဆောင်ပါဝင်နေသူ ကိုမျိုးလွင်မှ ပြောသည်။

“ဒီရေပင်က မိုးရာသီစလောက်တည်းကစိုက်ပျိုးတာ ခုဆို ၁၇၀၀၀၀ ကျော်စိုက်ပျိုးပြီးပြီပေါ့နော်။ မိုးရာသီက မကုန်သေးတော့ ဒီနှစ်မိုးရာသီအတွင်းပဲ နောက်ထပ် ၁ သိန်းဝန်းကျင်လောက် ကျနော်တို့ထပ်စိုက်ဖို့ရှိပါတယ်။ ကျနော်တို့ စိုက်တဲ့ထဲမှာ ဒီရေပင်အပြင် ကုက္ကိုလ်ပင်တွေလည်းပါသေးတယ်” ဟုပြောသည်။

ဒီရေပင်များစိုက်ပျိုးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုသည့် တစ်ဦးပိုင် နေရာများမဖြစ်စေရန်နှင့် ရေရှည်အများပိုင်အဖြစ်တည်ရှိနေစေရန်ဖြစ်ကြောင်း သူကဆက်ပြောသည်။

“ကျနော်တို့ဒီရေတောတွေစိုက်ပျိုးတဲ့ အဓိကရည်ရွယ်ချက်ကတော့ တစ်ဦးပိုင်စီးပွားရေးလုပ်ငန်းနေရာတွေဖြစ် မသွားဖို့ပေါ့နော်။ တစ်ချို့က ငါးပုဇွန်လုပ်ငန်းတွေတိုးချဲ့လုပ်ကိုင်လာတာတွေရှိတယ်လေ။ မွေးမြူရေးနေရာတွေ ဖြစ်သွားတော့ ရှိတဲ့ဒီရေတောတွေလည်း ပျက်စီးသွားသလို အများပြည်သူအတွက်လည်းအကျိုးမပြုတော့ဘူးလေ။ အဲဒါတွေကို အဓိကကာကွယ်တဲ့အနေနဲ့ ခုလိုစိုက်ပျိုးတာလည်းဖြစ်ပါတယ်” ဟုဆိုသည်။

ရခိုင်တွင် ဇွန်လအတွင်းမိုးအဆက်မပြတ်ရွာသွန်းမှုတို့ကြောင့် လှိုင်းလေကြီးပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ၎င်းအကျိုးဆက်ကြောင့် စိုက်ပျိုးထားသည့် ဒီရေပျိုးပင် ၁၀၀၀ ကျော်ခန့်ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

ကမ်းရိုးတန်းတစ်လျှောက် ဒီရေပင်များရှိလျှင် သဘာဝဘေးအန္တရာယ်နှင့် မြေတိုက်စားမှုများအတွက် များစွာ အကာအကွယ်ဖြစ်ကြောင်း အမ်းမြို့နယ် ရေကောင်းချိန်ကျေးရွာမှ ကိုမျိုးမင်းသိန်း ကပြောသည်။

“မြစ်ကမ်းနံဘေးကဒေသတွေ၊ ကမ်းရိုးတန်းတစ်လျှောက်နေထိုင်ကြတဲ့ဒေသတွေမှာ ဒီရေပင်တွေဆိုတာရှိကိုရှိ သင့်တဲ့အရာပါ။ ဒီအပင်မျိုးတွေက မုန်တိုင်းဒဏ်တွေ၊ လှိုင်းလေကြီးတာတွေ၊ ရေတိုက်စားတာတွေအတွက် တော် တော်အကာအကွယ်ဖြစ်တယ်လေ။” ဟုဆိုသည်။

ယခုကဲ့သို့ ဒီရေပင်စိုက်ပျိုးမှုများကို ၂၀၁၉ ခုနှစ်ကပင်လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးမှုအပြင် ဒီရေတောထိန်းသိမ်းမှုကိုလည်း ပူးတွဲလုပ်ဆောင်ကြောင်းနှင့် သုံးနှစ်အတွင်းတွင် ရခိုင်ရှိမြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ မြေပုံ၊ အမ်း၊ တောင်ကုတ် စသည့်မြို့နယ်များ၌ ဒီရေပင်စိုက်ပျိုးထိန်းသိမ်းမှုများ ပြုလုပ်နိုင်ခဲ့ ကြောင်းသိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်