test1

၃ လ အတွင်းမြန်မာနိုင်ငံ၌ ဥပဒေမဲ့သတ်ဖြတ်ခံရသူ ၄၀ ကျော်ရှိပြီး ရခိုင်တွင်အများဆုံးဖြစ်


Western News – အောင်စိုး
ဒီဇင်ဘာလ ၂၁ ရက်

မြန်မာနိုင်ငံ၌ ဇွန်လ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့ထိ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးချိုး ဖောက်ခံရမှုများမှာ ဥပဒေမဲ့သတ်ဖြတ်ခြင်းခံရသူ ၄၆ ဦး၊ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ ၁၂၄ ဦးနှင့် လွတ်လပ်စွာသွားလာခွင့်ပိတ်ပင်တားဆီးခြင်း ခံရသူ ၅၈ ဦးအထိရှိသည်ဟု ဒီဇင်ဘာလ ၂၁ ရက်နေ့က မျိုးဆက်လှိုင်းအဖွဲ့(Generation Wave) က ထုတ်ပြန်လိုက်သည်။

ယင်းအပြင် ဥပဒေမဲ့သတ်ဖြတ်ခြင်းခံရသူများမှာ ကရင်ပြည်နယ်တွင် ၁ ဦး၊ မန္တလေးတိုင်းတွင် ၃ ဦး၊ စစ်ကိုင်းတိုင်းတွင် ၂ ဦး၊ ဧရာဝတီတိုင်းတွင် ၁ ဦး၊ ရှမ်းပြည်နယ်တွင် ၁၅ ဦးနှင့် ရခိုင်ပြည်နယ်တွင် ၂၁ ဦးအထိရှိကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ဥပဒေမဲ့သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး မျိုးဆက်လှိုင်းအဖွဲ့(Generation Wave)မှ အမှုဆောင်ဒါရိုက်တာ ကိုဘိုဘိုက ယခုလိုပြောဆိုသည်။

မြန်မာနိုင်ငံမှာ အခုလိုဥပဒေမဲ့သတ်ဖြတ်မှုများမဖြစ်ပွားနိုင်ရန်အတွက် ကျူးလွန်သူများမှာ အဓိကတာဝန်ရှိတယ်။ ဒီတော့ ကျူးလွန်ခံရသူများကို ဥပဒေအရအရေးယူပေးနိုင်ရမယ်။
ဥပမာပြောရရင် ကျူးလွန်တဲ့သူက အစိုးရပဲဖြစ်ဖြစ်၊ စစ်တပ်ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကပဲဖြစ်ဖြစ် သူတို့ကိုတရား ဥပဒေအရ အရေးယူနိုင်ရမယ်။ ဒါမှဥပဒေမဲ့သတ်ဖြတ်မှုတွေ၊ မတရားဖမ်းဆီးခံရမှုတွေမဖြစ်ပွားနိုင်မှာဖြစ်တယ်

အမှုဆောင်ဒါရိုက်တာ ကိုဘိုဘို

ယင်းဖြစ်စဉ်ထဲတွင် စစ်တပ်ကျူးလွန်မှု ၁၇ ခု၊ တိုင်းရင်းသားလက်နက်ကိုင်ကျူးလွန်မှု ၂ ခု၊ ရဲကျူးလွန်မှု ၃ ခု၊ အစိုးရဝန်ထမ်းများ ကျူးလွန်မှု ၁ ခုနှင့် လက်သည်မပေါ်သည့် ဥပဒေမဲ့သတ်ဖြတ်မှု ၁၀ ခု ကိုလည်းတွေ့ရှိ ရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အတူ မတရားဖမ်းဆီးထိန်းသိမ်းခံရသူများတွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၂၃ ဦး၊ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူ ၈ ဦး၊ နိုင်ငံရေးပါတီဝင် ၂ ဦးနှင့် သတင်းမီဒီယာ ၁ ဦးတို့ဖြစ်သည်။ထို့အပြင် လွတ်လပ်စွာသွားလာခွင့် တားဆီးပိတ်ပင်ခံခဲ့ရသူများမှာ ကလေးငယ် ၄ ဦး၊ အမျိုးသမီး ၃၉ ဦး နှင့် အမျိုးသား ၁၅ ဦးတို့ဖြစ်ပြီး အများစုမှာဘာသာခြား လူနည်းစုဝင်များနှင့် လူမျိုးခြားလူနည်းစုဝင်များဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

မတရားဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ထောင်ဒဏ်အပြစ်ပေးခြင်းတို့ကိုပြုလုပ်သူများမှာ စစ်တပ်မှ ၃၂ မှု၊ အစိုးရမှ ၂ မှု၊ ရဲမှ ၅ မှု၊ တိုင်းရင်းသားလက်နက်ကိုင်များမှ ၅ မှုနှင့် အခြား(အမည်မသိ/ လက်သေမပေါ်သူ)မှ ၂ မှုတို့ဖြစ် သည်ဟု ရေးသားဖော်ပြထားသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်