Western News ဇူလိုင် ၁၁ရက်
ရခိုင်ပြည်နယ် သံတွဲခရိုင်ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၁၁ ရက်နေ့ ယနေ့မနက်ပိုင်းတွင် ဆေးရုံးသို့ အရောက် ၂ နာရီအကြာတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး အမျိူးသမီး ၁ ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ အသက် ၅၆ နှစ်အရွယ်အမျိူးသမီးဖြစ်ပြီး ယနေ့နံနက် ၁၀ နာရီခွဲခန့်ကာ မောပန်းသဖြင့် ဆေးရုံရောက်လာကာ နေ့လည် ၁၂ နာရီခွဲခန့်ကသေဆုံးသွားခြင်းဖြစ်ကြောင်း သံတွဲခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းထွန်းက Western News သို့အတည်ပြု ပြောကြားသည်။
“သူမက ဒီနေ့ နံနက်ပိုင်း ၁၀ နာရီခွဲလောက်က မောလို့ဆိုပြီးဆေးရုံရောက်လာတာ။ ဆီချိုးရောဂါနဲ့ သွေးတိုးရောဂါအခံရှိပုံပဲ။ ဒီရောက်တော့ ကိုယ်တွင်းအောက်ဆီဂျင်က ၄၀ ရာခိုင်နှုန်းပဲရှိတော့တယ်။ ကျွန်တော်တို့အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် သေဆုံးသွားပါတယ်” ဟုပြောသည်။
ဇူလိုင် ၁၁ ရက်နေ့ ယနေ့ နံနက်ပိုင်းကလည်း ကျောက်ဖြူပြည်သူ့ဆေးရုံးတွင် အသက် ၅၆ နှစ်အရွယ်သွေးတိုးနှင့် ဆီးချိုရောဂါအခံရှိ ကိုဗစ်အတည်ပြု အမျိုးသား ၁ ဦးသေဆုံးခဲ့သည်။
သံတွဲဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာသေဆုံးခြင်းသည် ပထမဦးဆုံးဖြစ်ပြီး လက်ရှိတွင် သံတွဲဆေးရုံ၌ ကိုဗစ်အတည်ပြုလူနာ ၆၁ ဦးရှိကြောင်းသိရှိရသည်။
ရခိုင်ပြည်နယ်တွင် မေလ ၁၂ ရက်နေ့မှ ယနေ့ ဇူလိုင် ၁၀ ရက်နေ့ ထိ ကိုဗစ်ကူးစက်ခံရသူ ၇၉၃ ဦးနှင့်သေဆုံးသူမှာ ယနေ့နံနက်ပိုင်းထိ ၁၂ ဦးထိရှိလာကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
Western News- WN