test1

သံတွဲတွင် ကိုဗစ်အတည်ပြုလူနာ ၁ ဦး ထပ်မံသေဆုံး၊ ရခိုင်တွင် ကိုဗစ်ဖြင့် ၁ ရက်အတွင်း ၃ ဦးသေဆုံး


Western News – ဇူလိုင်လ ၁၁ ရက်

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ ဇူလိုင် ၁၁ ရက် ညနေပိုင်းတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးသွားကြောင်း သံတွဲခရိုင်ပြည်သူ့ဆေးရုံမှသိရှိရသည်။

သေဆုံးသွားသူမှာ အသက် ၅၂ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၂ ရက်က တောင်ကုတ်မှ သံတွဲတွင် လာရောက်ဆေးကုသမှုခံယူနေရသူဖြစ်ကြောင်း သံတွဲခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းထွန်းက Western News သို့ အတည်ပြုပြောကြားသည်။

“ဟုတ်ပါတယ်ခင်ဗျာ ညနေ ၄ နာရီခွဲလောက်က ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးပါတယ်။ အသက် ကတော့ ၅၂ နှစ်ပါ။ တောင်ကုတ်ကနေလွန်ခဲ့တဲ့ ၂ ရက်လောက်က ကိုဗစ်နဲ့ လာရောက်ဆေးကုသမှုခံယူနေတာပါ။ သူက နဂိုကတည်းက သွေးတိုး၊ ဆီချိုးတို့ ရှိတာတော့မဟုတ်ဘူးပေါ့။ အဲ့ဒီမှာ ဆေးခန်းတွေဘာတွေပြခဲ့တယ်တဲ့။ ဒီကိုရောက်ကတည်းက အောက်ဆီဂျင် ပေးထားရတာပါ” ဟုပြောသည်။

ယင်းအပြင် ဇူလိုင် ၁၁ ရက်နေ့ ယနေ့မနက်ပိုင်းတွင် သံတွဲဆေးရုံသို့အရောက် ၂ နာရီအကြာတွင် သွေတိုးနှင်ဆီးချိုရောဂါ အခံရှိ ကိုဗစ်အတည်ပြုလူနာ အမျိုးသမီး ၁ ဦးသေဆုံးခဲ့သည်။

အလားတူ ယနေ့မနက်ပိုင်းတွင်လည်း ကျောက်ဖြူခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် အသက် ၅၆ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

ယင်းကြောင့် ရခိုင်တွင် ညနေ ၆ နာရီအထိ ကိုဗစ်ဖြင့်သေဆုံးသူ ၁ ရက်တည်းတွင် ၃ ဦးရှိသည်။ရခိုင်ပြည်နယ်တွင် မေလ ၁၂ ရက်နေ့မှာ ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၇၉၄ ဦးနှင့် ယနေ့ ဇူလိုင် ၁၁ ရက်နေ့နံနက်ပိုင်းထိသေဆုံးသူ ၁၂ ဦးထိရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှသိရှိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်