test1

မြောက်ဦးမြို့တွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံ၌ ပေးချေရန်အကြွေး သိန်း ၁၂၀ ကျော်ကျန်ရှိ


Western News – ဇူလိုင်လ ၁၂ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ တည်ဆောက်ပြီးစီးသွားသည့် အောက်ဆီဂျင်(Oxygen)စက်ရုံတွင် ပေးချေရန်အကြွေး (ငွေကျပ်သိန်း ၁၂၀ ကျော်) ကျန်ရှိနေသေးသည်ဟု ၎င်းစက်ရုံကိုတာဝန်ခံတည်ဆောက်နေသည့် နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေး အသင်းမှ သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် အောက်ဆီဂျင် ထုတ်ပေးနိုင်သည့် စက်ရုံတည်ဆောက်နေ (ဓာတ်ပုံ-နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့)

အောက်ဆီဂျင်စက်ရုံတည်ဆောက်ထားသည့်နေရာမှာ မြောက်ဦးမြို့ရှိ ထမ္မရာဇ် ရပ်ကွက်ခရိုင်ပြည်သူ့ ဆေးရုံးဘေးချင်ကပ်လျှက် စစ်တွေ- ရန်ကုန်ကားလမ်းမနားဘေး၌တည်ရှိပြီးစက်ရုံအလျားအရှည် ၅၀ ပေ၊ အနံအရှည် ၂၀ ပေ၊ အမြင့် ၁၄ ပေ ရှိသည်။

အဆိုပါ စက်ရုံတည်ဆောက်နိုင်ရန်အတွက် မြေနေရာ၌ရှိသည့် ချောင်းကိုမြေဖို့ပြီး ပြိုကျမသွားနိုင်ရန် ကမ်းထိန်း နံရံများပြုလုပ်ရာ၌ ငွေကျပ်သိန်း ၄၅၀ ခန့်ကုန်ကျခဲ့သလို ရေချိုးခန်း၊ အိမ်သာဆောက်လုပ် ရာ၌ ငွေကျပ် ၂၃ သိန်း ကုန်ကျခဲ့သည်ဟု နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအသင်းမှ ဆောက်လုပ်ရေးတာဝန်ခံ ဦးမောင် ညွှန့်တင်ကပြောသည်။

“ကျွန်တော်တို့က မြေနေရာမှာရှိတဲ့ ချောင်းကိုမြေဖိုးတယ်၊ ကမ်းထိန်းနံရံလုပ်တယ်။ အဲဒီနှစ်ခုအတွက် ကုန်ကျငွေက ၄၅၀ ကုန်ခဲ့တယ်။ နောက်တစ်ခုက အိမ်သာနဲ့ရေချိုးခန်း လုပ်တာမှာ ၂၃ သိန်းကုန်ကျခဲ့တယ်။ ဒါတွေကိုကျွန်တော်တို့အဖွဲ့က လုပ်ကြရတာ။ ငွေကြေး မတတ်နိုင်လို့၊ အလှူရှင်တွေအားနည်းလို့ လိုအပ်တဲ့ပစ္စည်းတွေကို ဆိုင်တွေကအကြွေးဝယ်ပြီးတော့ လုပ်ခဲ့ရတာ။ အကြွေး ကျန်တာက သိန်း ၁၂၀ ကျော်ပါ” ဟု ပြောသည်။

အဆိုပါစက်ရုံကိုယ်ထည်တစ်ခုလုံးအပြီးအစီးတည်ဆောက်နိုင်ရန်အတွက် ရန်ကုန်မြို့မှ ပုလဲအောင်သုခဆရာတော်ကြီး ဦးပညာသာမိမှ (ငွေကျပ်သိန်း(၃၀၀)လှူဒါန်းခဲ့ပြီး စက်ရုံဆောက်လုပ်မည့်မြေနေရာကို မြောက်ဦးမြို့ မင်္ဂလာမြို့ဦးဆရာတော် ဦးကုမာရမှ လှူဒါန်းခဲ့ခြင်း ဖြစ်သလို အောက်ဆီဂျင်ထုတ်လုပ်သည့်စက်တစ်လုံးနှင့် စက်ကိုတပ်ဆင်၍ ပြီးစီးသည့်အထိ ကုန်ကျငွေကို မြောက်ဦး ဆရာတော်ကြီးထံမှ တာဝန်ယူထားသည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် အောက်ဆီဂျင် ထုတ်ပေးနိုင်သည့် စက်ရုံတည်ဆောက်နေ (ဓာတ်ပုံ-နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့)

လက်ရှိအချိန်တွင် အောက်ဆီးဂျင်ထုတ်လုပ်သည့်စက်မှာ တရုတ်ပြည်မှ မြောက်ဦးမြို့သို့ရောက်ရှိနေပြီဖြစ်သော်လည်း အောက်ဆီဂျင် ဘူးများထုတ်လုပ်နိုင်ရန်အတွက် စက်ကိုတပ်ဆင်ပေးမည့် တရုတ်နိုင်ငံမှ အင်ဂျင်နီယာများ ရခိုင်သို့မရောက်ရှိသေးသဖြင့် မထုတ်လုပ်နိုင်သေးကြောင်းလည်း ဦးမောင်ညွှန့်တင်ကပြောသည်။

“စက်တော့ရောက်ပြီ။ ဒါပေမဲ့ အောက်ဆီဂျင်ဘူးတွေမထုတ်နိုင်သေးဘူး။ အခုစက်ကို တပ်ဆင်ဖို့အတွက် တရုတ်နိုင်ငံက အင်ဂျင်နီယာတွေကိုခေါ်ထားတယ်။ အခုတော့သူတို့ရန်ကုန်ကိုရောက်နေကြပြီ” ဟု ပြောသည်။

အဆိုပါစက်ရုံတွင်တစ်ရက်လျင်အောက်ဆီဂျင်ဘူးအလုံးအရေအတွက် ၄၀ ခန့်ထုတ်ပေးသွားမှာဖြစ်ပြီး အောက်ဆီဂျင်တစ်လုံးကိုငွေကျပ် ၅၀၀၀ သာ ကောက်ခံသွားမည်ဖြစ်ကာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း စသည်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဆေးရုံများသို့ ပေးပို့သွားမည်ဖြစ်သည်ဟု သိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်