wearing mask lack of awareness
test1

ရခိုင်တွင် Mask မတပ်သူများကို မနက်ဖြန်မှစ၍ အရေးယူမည်


Western News – ဇူလိုင် ၁၃ ရက်

ကိုဗစ်အတည်ပြုလူနာများနှင့် ကိုဗစ်ရောဂါကြောင့် သေဆုံးမှုများပြားလာနေသည့် ရခိုင်ပြည်နယ်တွင် Mask မတပ်သူများကို မနက်ဖြန် ဇူလိုင်လ ၁၄ ရက်မှစတင်ကာ အရေးယူသွားမည်ဟု ပြည်နယ်ကောင်စီမှပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း Mask စျေးနှုန်းများအဆမတန်မြင့်နေပြီး Mask တစ်ဘူးလျှင် ၁၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ဝယ်ယူနေကြရကြောင်း ဒေသခံများက Western News ကို ပြောဆိုသည်။

ရခိုင်မှပြည်သူလူထုများကို ကိုဗစ်ပညာပေးခြင်းများကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် များစွာလုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းမှ Western News ကိုပြောသည်။

“ ငါတို့လုပ်ခိုင်းတာကတော့ တစ်ပြည်နယ်လုံးကိုလုပ်ခိုင်းတာလေ။ Mask မတပ်တဲ့လူတွေကိုအရေးယူမယ်ပေါ့။ ငါတို့လည်း ပညာပေးတာများပြီ။ ပညာပေးတာများတော့ အရေးယူမယ့်အပိုင်းကိုသွားမယ်။ မနက်ဖြန်ကနေစပြီးတော့ ကျနော်တို့ အရေးယူသွားမယ်” ဟုပြောသည်။

ဆက်လက်၍လည်း Mask မတပ်ဘဲသွားလာနေသူများကို ပထမအကြိမ် ကျပ် ၅၀၀ ဒဏ်ရိုက်မည်ဖြစ်ပြီး Mask မတပ်ဘဲဒုတိယအကြိမ် ထပ်မံတွေ့ရှိလျှင် ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေ၊ ဘေးစီမံဥပဒေနှင့်ထောင် ၇ ရက်ထိကျနိုင်သည့် ဥပဒေများဖြင့်လည်း အရေးယူသွားမည်ဟု ဦးလှသိန်းကဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၀၀၀ နီးပါနှင့် ကိုဗစ်ကြောင့်သေဆုံးသူ ၁၈ ဦးထိရှိလာပြီဖြစ်သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်