police station
test1

ပလက်ဝမှ ဖမ်းဆီးခံ လူငယ် ၅ ဦး နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က) ဖြင့်တရားစွဲခံရ


Western News – ဇူလိုင် ၁၄ ရက်

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့ရှိ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဗုံးနှစ်ရှေ့ဆင့် နောက်ဆင့်ပေါက်ကွဲမှု ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခံနေရသည့် လူငယ် ၅ ဦးအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် ပလက်ဝမြို့နယ် တရားရုံးတွင် တရားစွဲဆိုလိုက်သည်။

ဖမ်းဆီးခံထားရသူများမှာ စံပယ်ဖူးကုမ္ပဏီပိုင်ရှင် ကိုအိုက်ထွန်းမင်း၊ အဆိုတော် ကိုအိုက်ထွန်းမင်း၊ သစ်တောဝန်ထမ်း ကိုအိုက်ထွန်းမင်း၊ ဦးရာကျော်နှင့် ကိုအောင်ထွန်းစိုးတို့ဖြစ်သည်။

လက်ရှိတွင် ၎င်းတို့ ၅ ဦးအား ပလက်မြို့နယ် တရားရုံးတွင်ရုံးတင်စစ်ဆေးလျှက်ရှိသည်ဟု ပလက်ဝမြို့နယ်မှူး ရဲမှူးထွန်းကိုကိုလတ်က ပြောသည်။

“ဗုံးပေါက်တာနဲ့တော့ မဆိုင်ပါဘူး။ သူတို့ကို ဗုံးပေါက်ကွဲမှုတွင် မသင်္ကာဖြစ်တဲ့အခါကျတော့ သူတို့တွေကိုတခြားမငြိမ်မသက်ဖြစ်အောင် ဆန္ဒပြဖို့ဆော်ဩတာတို့ ငွေကောက်တာတို့ကြောင်းပါ။ သူတို့ကို ပလက်ဝတရားရုံးတွင် တရားစွဲထားတာပါ။ မြို့နယ်တရားရုံးမှာ မြို့နယ်တရားသူကြီးလက်ခံစစ်ဆေးတာပါ” ဟုပြောသည်။

၎င်းတို့ ၅ ဦးအား ပလက်ဝမြို့တပ်နယ်လုံခြုံရေးကတရားလိုလုပ်ကာ နိုင်ငံတော်ကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် တရားစွဲထားခြင်းဖြစ်သည်ဟုသူက ဆက်ပြောသည်။

ဖမ်းဆီးခံရသူများမှာ အပြစ်မရှိဘဲ သာမာန်ငွေလွှဲငွေပို့ လုပ်ခြင်းသာဖြစ်သည့်အတွက် ပြန်လည်လွတ်မြောက်စေချင်သည်ဟု ဖမ်းဆီးခံထားရသည့် စံပယ်ဖူးကုမ္ပဏီပိုင်ရှင် ကိုအိုက်ထွန်းမင်း၏ ဖခင်ဦးချစ်ထွန်းက Western News ကိုပြောသည်။

“ကျွန်တော်သားက ဗုံးပေါက်ကွဲမှုနှင့် မပြစ်မရှိဘူး။ ငွေလွှဲ၊ ငွေကောက်ယူတာတွေမှာ ကျွန်တော်သားကိုသံသယဖြစ်မိတာပါ။ ကျွန်တော်သားငွေလွဲတာတွေက မြန်မာစီပွားရေးဘဏ်ကနေပြီး တရားဝင်လွဲခြင်းသာဖြစ်တယ်။ အဲဒါကြောင်း ကျွန်တော်သားမှာ အပြစ်မရှိဘူး။ သူတို့ကိုပြင်လွတ်ပေးစေချင်တယ်” ဟု သူကပြောသည်။

၎င်းတို့ ၅ ဦးအား မေလ ၂၈ ရက်နေ့က ဗုံးပေါက်ကွဲမှု သံသယဖြင့် ဖမ်းဆီးခဲ့ပြီး စစ်တွေမြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ကာ ဇူလိုင်လ ၁၁ ရက်နေ့က စစ်တွေမြို့မရဲစခန်းမှ ပလက်ဝမြို့မရဲစခန်းသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။

Western New –WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်