ရမ်းဗြဲမြို့ လေးတောင်တိုက်နယ်ဆေးရုံတွင် တာဝန်ကျဆရာဝန်ကြီးမရှိ၍ ဒေသကျန်းမာရေးအခြေနေများ စိုးရိမ်ရ
test1

ရမ်းဗြဲမြို့ လေးတောင်တိုက်နယ်ဆေးရုံတွင် တာဝန်ကျဆရာဝန်ကြီးမရှိ၍ ဒေသကျန်းမာရေး အခြေနေများ စိုးရိမ်ရ


Western News – ဇူလိုင်၊ ၁၄ ရက်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်ဆေးရုံတွင် တာဝန်ကျဆရာဝန်ကြီးမရှိဖြစ်နေ၍ ဒေသကျန်းမာရေးအခြေအနေများအား စိုးရိမ်နေရကြောင်း လေးတောင်ဒေသခံများကပြောသည်။


ယခုကဲ့သို့ Covid ကာလအခြေနေတွင် ဆေးရုံ၌ ဆရာဝန်ကြီးမရှိခြင်းမှာ ဒေသခံများအတွက် စိုးရိမ်ဖွယ်ရာတစ်ရပ်ဖြစ်နေကြောင်း ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် လေးတောင်မြို့နယ်ကိုဗစ်တိုက်ဖျက်ရေးအဖွဲ့၌ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အဖြစ်လုပ်ဆောင်ဖူးသူ ကိုတင်မိုး မှပြောသည်။

“ဆေးရုံမှာ ဆရာဝန်မရှိတာ ၁ လကျော်လောက်ရှိပြီ။ အရင်ဆရာဝန်ကြီး ရာထူးတိုးနဲ့ ကရင်ပြည်နယ်ပြောင်းသွားကတည်းက နောက်ထပ်အစားထိုးမရောက်လာသေးဘူး။ ခုလို Covid ရောဂါဖြစ်နေတဲ့အခြေအနေမှာ ကိုယ့်ဒေသ ဆေးရုံကြီးမှာ အားကိုးလို့ရတဲ့ ဆရာဝန်ကြီးရှိမနေတော့ စိုးရိမ်မှုတွေရှိတာပေါ့။ လေးတောင်ဆိုတာကလည်း Covid ဖြစ်ပွားမှုမြင့်တက်နေတဲ့ ကျောက်ဖြူတို့နဲ့ ကူးလူးဆက်ဆံမှုရှိတဲ့ နေရာလေ” ဟုပြောသည်။

ယခင် ကိုဗစ်ဒုတိယလှိုင်းဖြစ်ခဲ့စဉ်က ဆေးရုံမှဆရာဝန်ကြီးဦးဆောင်မှုဖြင့် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းစဉ်များအား ကြိုတင်လုပ်ဆောင်နိုင်မှုတို့ရှိခဲ့သော်လည်း ယခုအခါ ဦးစီးလုပ်ဆောင်မည့်သူမရှိ၍ ဒေသတွင်း ကိုဗစ်နှင့် ပတ်သက်ပြီး စည်းကမ်းလိုက်နာမှုများလည်း အားနည်းကြောင်း သူကဆက်ပြောသည်။

လက်ရှိတွင် လေးတောင်တိုက်နယ်ဆေးရုံ၌ တာဝန်ကျ သူနာပြုများနှင့် အလုပ်သမားများအပါအဝင် စုစုပေါင်း ၇ ဦးရှိပြီး လူနာများ၏ လိုအပ်ချက်အရ တစ်ခြားဆေးရုံများသို့ပြောင်းပေးရကြောင်း ဆေးရုံမှ အထက်တန်းသူနာပြု တစ်ဦးဖြစ်သူ ဒေါ်ဇင်မော်အောင် ကပြောသည်။

“တာဝန်ကျသူနာပြုတွေနဲ့နိုင်သလောက် ကုသပေးနေပါတယ်။ လောလောဆယ်တော သူနာပြုက ၃ ယောက် အကူ ၁ ယောက်နဲ့ အလုပ်သမား ၃ ယောက်ရှိပါတယ်။ တကယ်လို့ ကျမတို့မနိုင်တဲ့လူနာတွေရှိရင် ရမ်းဗြဲဆေးရုံ ဒါမှ မဟုတ် ဇင်ချောင်းတိုက်နယ် ဆေးရုံတွေကို ပြောင်းပေးပါတယ်။ ဆရာဝန်ထပ်ရောက်မယ့်ကိစ္စကတော့ ကျမတို့ကို အထက်ကဘာမှ အကြောင်းကြားတာ မျိုးမရှိသေးပါဘူး” ဟုဆိုသည်။

တာဝန်ကျဆရာဝန်ပြောင်းသွားသည့်အချိန်မှစ၍ အကြောင်းကြာစာတင်ထားကြောင်း ယခုထိအကြောင်းတစ်စုံတစ်ရာ ပြန်မလာသေးကြောင်း ရမ်းဗြဲမြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ဝင်း မှ Western News ကိုပြောသည်။

“ ပထမဆရာဝန်ပြောင်းကတည်းက တင်ထားတာပါ။ ခုထိတော့ ကျမလာသေးဘူးပေါ့။ ဆရာဝန်ကတော့အားနည်းတာပါပဲ။ ကျနော်တို့ရမ်းဗြဲမှာတောင် ဆရာဝန်ကကျနော်တစ်ယောက်တည်းပဲ။ ကိုဗစ်တတိယလှိုင်းလောက်ကတည်းက တာဝန်ကျနေတာ” ဟုပြောသည်။

ရမ်းဗြဲမြို့ရှိ လေးတောင်တိုက်နယ်ဆေးရုံမှာ ဒေသခံများ၏ ကျန်းမာရေးအတွက်အဓိကအားထားနေရသည့် နေရာတစ်ခုဖြစ်ပြီး အနီးအနားရှိ နယ်မြို့များမှလည်း လာရောက်ဆေးကုသမှုခံယူကြသော ဆေးရုံတစ်ခု ဖြစ်သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်