wn
test1

စစ်တွေမြို့ဆိုင်တစ်ချို့တွင် အောက်စီဂျင်တိုင်းကိရိယာ ၁၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ထိ ၅ ဆစျေးမြှင့်ရောင်းချနေ


Western News – ဇူလိုင် ၁၄ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဆေးဆိုင်တစ်ချို့တွင် အောက်ဆီဂျင်တိုင်းကိရိယာငယ်တစ်ခုကို ပုံမှန်စျေး နှုန်း ၁၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ထိ စျေး ၅ ဆထိမြှင့်တင်ပြီးရောင်းချနေကြောင်း ဝယ်သူများကပြောသည်။

စစ်တွေမြို့တွင် အဆိုပါ အောက်ဆီဂျင်တိုင်းကိရိယာမှာ ဆိုင်အားလုံးနီးပါးတွင်ပစ္စည်းပြတ်လပ်နေသည်။ ယင်းကြောင့် တစ်ချို့ဆိုင်များတွင်စျေးအဆမတန်တင်၍ ရောင်းချခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ယနေ့တွင် စစ်တွေမြို့ဆေးဆိုင်တစ်ခု၌ ၁၀၀၀၀ ကျော်တန်သည့်အဆိုပါကိရိယာငယ်ကို ၅၀၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ရပြီး ကိုဗစ်ရောဂါကြောင့် ပြည်သူများကြပ်တည်းနေစဉ် စျေးမြှင့်မရောင်းချသင့်ကြောင်း စစ်တွေမြို့တွင်ခေတ္တ နေထိုင်သူ မောင်တောမြို့ခံတစ်ဦးဖြစ်သူ ကိုသန်းနိုင်ကပြောသည်။

“ကျွန်တော် ဒီနေ့မနက်ပဲ အဲ့ဒီ ကိရိယာလေးကို ဝယ်ပါတယ်။ စျေးက ၅၀၀၀၀ တောင်ပေးရပါတယ်။ ပုံမှန်စျေးက ၁၀၀၀၀ ကျော်ပဲရှိပါတယ်။ မန္တလေးဖက်က ကျွန်တော့် အသိမေးတော့ အဲ့ဖက်မှာ ၁၄၅၀၀ ကျပ်ပဲရှိတယ်တဲ့။ စီးပွား ရေးကတော့ လူတိုင်းလုပ်တာပဲ။ လောဘကလည်းလူတိုင်းရှိပါတယ်။ ဒါပေမယ့် ခုလို အားလုံးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ခုလိုစျေးမြှင့်ပြီးရောင်းနေတာမျိုးတွေမကောင်းပါဘူး။ သာမာန်လူတွေအတွက် ပိုက်ဆံ ၅၀၀၀၀ ဆိုတာ နည်းတဲ့ပမာဏ မဟုတ်ပါဘူး” ဟုပြောသည်။

Western News သတင်းဌာနမှ စစ်တွေမြို့အတွင်း အောက်ဆီဂျင်တိုင်းကိရိယာ၏ စျေးနှုန်းများကိုသိရှိနိုင်ရန်လိုက်လံ စုံစမ်းရာ တစ်ချို့စျေဆိုင်းများတွင် စျေးနှုန်းများအဆမတန်မြှင့်တင်ပြီး ရောင်းချနေသည်ကိုတွေ့ရရှိခဲ့ရသည်။

စျေးနှုန်းများမြှင့်တင်ပြီးရောင်းချနေသည့် စျေးဆိုင်းတစ်ချို့၏ ပြောဆိုချက်အရ အဆိုပါပစ္စည်းမှာ လက်ရှိတွင် ကုမ္ပဏီတွင်လည်း ပစ္စည်းပြတ်နေပြီး ပြည်မဖက်မှစျေးနှုန်းမြှင့်ဝယ်နေရသောကြောင့် စျေးနှုန်း ၅ဝဝဝဝထိ မြင့်တက်ရခြင်းဖြစ်သည်ဟု စစ်တွေမြို့မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“ပစ္စည်းက ကုမ္ပဏီကနေ ပစ္စည်းပြတ်နေတယ်။ ဝယ်မရဘူး။ ပြည်မဖက်ကနေ စျေးကြီးပေးပြီးဝယ်ထားရတာ။ အဲ့ဒါကြောင့် ၅၀၀၀၀ ကျပ်ထိ စျေးနှုန်းကမြင့်နေတာ” ဟုပြောသည်။

လက်ရှိပစ္စည်းပြတ်လပ်နေသော်လည်း ပုံမှန်စျေးအတိုင်း ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိသာရောင်းချခဲ့ ကြောင်း စစ်တွေမြို့ စိန်ဆေးဆိုင်မှ အရောင်းမန်နေဂျာတစ်ဦးကပြောသည်။

“လက်ရှိတော့ အမတို့ဆိုင်မှာ ပစ္စည်းကပြတ်နေပါတယ်ရှင့်။ ပစ္စည်းက ပြည်ပဖက်ကနေ လုံးဝ ဝယ်မရဘူးဖြစ်နေတယ်။ စျေးကတော့ ၁ဝဝဝဝကျပ်ကနေ ၁၅ဝဝဝကျပ်အထိပဲ ပစ္စည်းရှိတုန်းကတည်း ပုံမှန်စျေးအတိုင်းရောင်းချခဲ့ပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ် ကိုဗစ်တတိယလှိုင်းစတင်၍ ပိုးကူးစက်မှုများပြားလာသည်နှင့် mask အပါအဝင် ဆေးပစ္စည်း တစ်ချို့မှာ အဆမတန် စျေးမြှင့်ရောင်းချကြသည်။

Mask မတပ်သူများကို အရေးယူသကဲ့သို့ စျေးနှုန်းမြှင့်တင်ရောင်းချနေသည့် စျေးဆိုင်းများကို ထိထိရောက်ရောက်အရေးပေးရန် ဒေသခံများတောင်းဆိုကြသည်။

လက်ရှိတွင်လည်း mask တစ်ဘူးကို ပုံမှန်စျေး ၁၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ထိ စျေးမြှင့်ရောင်းချမှုများရှိသလို ကိုဗစ် ၁၉ တတိယလှိုင်းကလည်း mask တစ်ခုကို ၁၂၀၀ ကျပ်ထိ စျေးမြှင့်ရောင်းခဲ့ကြသည်။

ဓါတ်ပုံ- စစ်တွေမြို့အတွင်း စျေးနှုန်းမြှင့်တင်၍ ရောင်းချနေသည့်စျေးဆိုင်အားတွေ့ရစဉ်

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်