U Hla Thein, chief of lawer in Rakhine
test1

ရခိုင်တွင် အောက်ဆီဂျင်နှင့် Mask အလုံလောက်ရှိဟု ပြည်နယ်ကောင်စီဆို


Western News – ဇူလိုင်၊ ၁၅ ရက်

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ကုသရေးအထောက်ကူပြုပစ္စည်းဖြစ်သည့် အောက်စီဂျင်နှင့် Mask အလုံ လောက်ရှိပြီး ပြည်သူများအနေဖြင့် စိုးရိမ်စရာမရှိကြောင်း ပြည်နယ်ကောင်စီမှ ဇူလိုင် ၁၄ ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရခိုင်ရှိ မြို့နယ်တိုင်း၌ အောက်ဆီဂျင်ဘူးများအလုံအလောက်ရှိအောင် လုပ်ဆောင်ထားပြီး ပြည်သူများအနေဖြင့် အောက်ဆီဂျင်နှင့် ပတ်သက်၍ ဒုက္ခရောက်စရာမရှိကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

“အောက်ဆီဂျင်နဲ့ပတ်သက်ပြီးတော့ အထွေအထူးစိုးရိမ်စရာမလိုပါဘူး။ စစ်တွေမှာဆိုရင်လည်း တစ်နေ့ကို ၄၀ လီတာ ရှိတဲ့ အလုံးရေ ၆၀ ထုတ်နိုင်တယ်။ အရေးပေါ်လိုအပ်ရင်သုံးနိုင်အောင်လို့ ဘူး ၁၀၀ သက်သက်ထားထား တာလည်းရှိတယ်။ မောင်တောဘက်ကိုလည်း လိုအပ်ချက်ရှိသလောက်ပို့ပေးနေတယ်။ ဘူးသီးတောင်မှာလည်း သိပ်အသုံးမလိုပေမယ့် သိုလှောင်ထားတာတွေရှိတယ်။ သံတွဲနဲ့တောင်ကုတ် ကိုလည်းတစ်နေ့ အလုံး ၂၀၀ လောက် ရွှေနောင်ဘက်ကနေပို့ပေးထားတယ်။ ကျောက်တော်ဘက်ကိုလည်း လိုအပ်ချက်အလိုက်ပို့ပေးထားတယ်။ တစ်ခြားနေရာတွေမှာလည်း စက်ရုံတွေရှိတယ် ပြီးတော့ အောက်ဆီဂျင်ထောက်ပံ့ကူညီရေး အသင်းတွေလည်း ရှိတော့ ပူစရာမရှိပါဘူး။ လူနဲ့ အောက်ဆီဂျင်က Cover ဖြစ်ပါတယ်” ဟုပြောသည်။

Mask လိုအပ်ချက်နှင့်ပတ်သက်၍လည်း ပူပင်စရာမလိုကြောင်း ပြည်နယ်ကောင်စီ၏ လက်ဝယ်တွင် Mask (၁၀) သိန်းခန့်အထိရှိပြီး ပြည်နယ်တစ်ခုလုံးအတွက် လုံလောက်သည့် အတိုင်းအတာရှိကြောင်းလည်း ပြောဆိုသည်။

“ပြည်နယ်အစိုးရလက်ထဲမှာ Mask ၁၀ သိန်းရှိထားပါတယ်။ ဒီအရေအတွက်က ပြည်နယ်တစ်ခုလုံး လုံလောက်မှုရှိ တဲ့အရေအတွက်ပါ။ Mask ပြတ်လပ်သွားမှာကိုလည်း စိုးရိမ်စရာမလိုပါဘူး” ဟုဆိုသည်။

ရခိုင်တွင် ကိုဗစ်ဖြစ်ပွားမှု ၂ လကျော်ကာလအတွင်း ကိုဗစ်ရောဂါကာကွယ်ကုသရေးဆိုင်ရာ ပစ္စည်းများ လုံးဝပြတ်လပ်မှု မရှိခဲ့သော်လည်း ဈေးနှုန်းအဆမတန် မြင့်တက်မှုအခြေအနေများနှင့် ကြုံတွေ့နေရပြီး အောက်ဆီဂျင် လိုအပ်ချက်နှင့် ပတ်သက်၍လည်း အခက်အခဲများကြုံတွေ့နေကြရသည်။

လက်ရှိတွင် mask တစ်ဘူးကို ပုံမှန်စျေး ၁၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ထိ စျေးမြှင့်ရောင်းချမှုများရှိသလို ကိုဗစ် ၁၉ တတိယလှိုင်းကလည်း mask တစ်ခုကို ၁၂၀၀ ကျပ်ထိ စျေးမြှင့်ရောင်းခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်ခံရသည့် လူပေါင်း ၁၀၀၀ ကျော်ခန့်ရှိလာပြီဖြစ်သော်လည်း တစ်ခြား တိုင်းဒေသကြီး ပြည်နယ်များနှင့် ယှဉ်လျှင် အများဆုံးထိန်းချုပ်နိုင်သောအခြေအနေတွင် ရှိနေပြီး ထိန်းချုပ်မှု၊ အရေးယူမှုပိုင်းများကိုလည်း တာဝန်ရှိသူများအနေဖြင့် သေချာကြပ်မတ်လုပ်ဆောင်ပေးနေကြောင်း သိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်