Mrauk-U heath department
test1

မြောက်ဦးတွင် ရောဂါအခံရှိသည့် ကိုဗစ်လူနာ တစ်ဦး သေဆုံး


Western News – ဇူလိုင်လ ၁၅ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဆေးရုံတွင် ရောဂါအခံရှိသည့် ကိုဗစ်-၁၉ ရောဂါလူနာတစ်ဦး ယနေ့ ဇူလိုင်လ ၁၅ ရက် ညနေ ၄ နာရီခန့်တွင် သေဆုံးသွားသည်ဟု မြောက်ဦးကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူကအတည်ပြုပြောသည်။

သေဆုံးသွားသူမှာ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း ၎င်းမှာ ဆီးချို၊ သွေးတိုးရောဂါအခံရှိပြီး နေမကောင်းဖြစ်နေသည်မှာ ၁၀ ရက်ခန့်ကြာလာသဖြင့် ‌ဆေးရုံသို့ကုသမှုခံယူရန်ရောက်ရှိလာပြီးနောက် ၃ နာရီခန့်အကြာတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု မြောက်ဦးခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှုး ဒေါက်တာ ခင်မောင်သန်း Western News ကိုပြောသည်။

“သူကဆီးချိုရှိပါတယ်။ သွေးတိုးရောဂါလည်းရှိတယ်။ သူကအခံရောဂါရှိပြီးသား နေမကောင်းဖြစ်နေတာ ၁၀ ရက်ခန့်ရှိပြီ။ ဆေးရုံရောက်ပြီးတော့ ၃ နာရီလောက်အကြာမှာသေသွားပါတယ်” ဟု ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့အထိ မြောက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၂ ဦးရှိပြီး ၎င်းတို့ထဲမှ ၂ ဦးကို ‌အောက်ဆီဂျင်ပေးထားရသည်ဟုလည်းသိရသည်။

ရခိုင်ပြည်နယ်တွင် ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၅ ဦးသေဆုံးခဲ့သည်။ ၎င်းတို့မှာ မြောက်ဦးမြို့တွင် ၁ ဦး၊ တောင်ကုတ်မြို့တွင် ၂ ဦးနှင့် စစ်တွေမြို့တွင် ၂ ဦးတို့ဖြစ်သည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်