Western News ဇူလိုင် ၁၆ ရက်
ဖမ်းဆီးခံ ရခိုင်မှ ကျောင်းသား ၄ ဦးအမှုအား ယနေ့ဇူလိုင် ၁၆ ရက်နေ့ စစ်တွေမြို့နယ် တရားရုံးသို့ အချုပ်ကားနှင့် ရုံးထုတ်ခေါ်ဆောင်လာရာ တရားရုံးရှေ့၌ တရားစီရင်ရေးကြန့်ကြာနေမှု အကြမ်းဖက်မှုများနှင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်သူများအား အမှုဆိုင်းငံ့ထားအပေါ်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ ကျောင်းသား ၄ ဦးမှာ အချုပ်ကားပေါ်မှ ဆင်းလာရာ တရားရုံးပုရဝုဏ်အတွင်း အော်ဟစ်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အမြစ်မဲ့ ရခိုင်ပြည်သူများ ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ်၊ အမိန့်ချက်ချင်းချ၊ အမိန့် ချက်ချင်းချ ဟု သံပြိုင်ကြွေးကြော်ခဲ့ကြသည်။
အဆိုပါ ကျောင်းသား ၄ ဦးအမှုတွင် တရားလို ၂ ဦးရှိပြီး လိုပြသက်သေ ၁၂ ဦးရှိကာ ယနေ့ဇူလိုင်လ ၂ ရက်နေ့က နောက်ဆုံး လိုပြသက်သေ တစ်ဦးဖြစ်သော အမှုစစ်အရာရှိအား စစ်ဆေးပြီးဖြစ်သောကြောင်း ယနေ့တွင် စွဲချက်တင်သင့်မတင်သင့် လျှောက်လဲမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးလှသိန်းအောင်ကပြောသည်။
အဆိုပါကျောင်းသားလေးဦးမှာ ပြီးခဲ့သည့် ၂၀၂၀-ခုနှစ် အောက်တိုဘာလ ၁၉ ရက်ကစစ်တွေမြို့ပေါ်၌ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဦးဇော်နိုင်မှ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲဆိုထားသလို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ဇံဝေမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၉ စသည့်ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုပါကျောင်းသား ၄ ဦးမှာ စစ်တွေကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်သည်။
Western News- WN