test1

AA နှင့်ဆက်စပ်သည်ဟုဆိုကာ မန္တလေးတွင် တရားရင်ဆိုင်နေရသူများထဲမှ ၄ ဦးကို ထောင်ဒဏ် ၁၃ နှစ်နှင့် ၂ ဦးကို ထောင်ဒဏ် ၈ နှစ်စီချမှတ်


Western News – ဇူလိုင်လ ၁၆ ရက်

ရက္ခိုင့်တပ်တော် AA နှင့်ဆက်စပ်သည်ဟုဆိုကာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက မန္တလေးတွင် ဖမ်းဆီးခံရသူ ၆ ဦးကို ယနေ့ ဇူလိုင်လ ၁၆ ရက်က ဗွီဒီယိုကွန်ဖရင့်ဖြင့် ရုံးထုတ်ပြီးနောက် မန္တလေးခရိုင်တရားရုံးက နှစ်ရှည်ထောင် ဒဏ်ချမှတ်လိုက်သည်။

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူ ၆ ဦးထဲမှ ကိုအောင်လင်းထက်၊ ကိုချမ်းငြိမ်း၊ ကိုမြတ်ခိုင်နှင့် ဂိတ်မှူး ကိုကျော်ကျော်ဖြိုးတို့ကို ပုဒ်မ ၅၁(ဂ) အရ အလုပ်နှင့်ထောင်ဒဏ် ၈ နှစ်နှင့် ပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၁၃ နှစ်ကို သီးခြားစီကျခံရန်အမိန့်ချမှတ်ခဲ့သည်။

ဂိတ်မှူး ကိုကျော်ကျော်ဖြိုး၏ရှေ့နေ ဦးမျိုးမင်းဇော်က “ ကိုကျော်ကျော်ဖြိုးတို့ကို ပုဒ်မ ၅၁(ဂ) အရ အလုပ်နှင့်ထောင်ဒဏ် ၈ နှစ်ချပါတယ်။ ပြီးတော့ ပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်ချပါတယ်။ စုစုပေါင်းထောင်ဒဏ် ၁၃ နှစ်ကို သီးခြားစီကျခံရန်အမိန့်ချမှတ်ခဲ့တာပါ“ ဟု Western News ကိုပြောသည်။

ယင်းအပြင်ဦးမိုးကျော်နှင့် ကိုဝင်းသိန်းတို့ကို ပုဒ်မ ၅၁ (ဂ) အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်နှင့် ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၈ နှစ်ကိုသီးခြားစီကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း၎င်းရှေ့နေကဆက်ပြောသည်။

၎င်းတို့အထဲမှ ကိုအောင်လင်းထက်၊ ကိုချမ်းငြိမ်း၊ ကိုမြတ်ခိုင်နှင့် ဦးမိုးကျော်တို့ ၄ ဦးမှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၅ ရပ်ကွက်၊ ဒဿနလမ်း နေအိမ်တစ်လုံးတွင် မန္တလေးတိုင်း ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ပြီး ကိုဝင်းသိန်းနှင့် ဂိတ်မှူး ကိုကျော်ကျော်ဖြိုးတို့ကိုလည်း ဆက်စပ်သည်ဟုဆိုကာ ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဂိတ်မှူး ကိုကျော်ကျော်ဖြိုး၏ရှေ့နေ ဦးမျိုးမင်းဇော်က “ ကျနော်ကတော့ ကိုကျော်ကျော်ဖြိုး(ခ)ဆံရှည်ရဲ့ ရှေ့နေ ပေါ့။ ကာယကံရှင် မိသားစုတွေက အထက်ရုံးကိုတက်မယ်ဆိုတော့ အထက်ရုံးကိုတက်မယ်။ အယူခံဝင်သွားမယ် ပေါ့” ဟုပြောသည်။

ယင်းအပြင် ယခုနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူ ၆ ဦးနှင့်ဆက်စပ်သည်ဟုဆိုကာ နောက်ထပ်တရားစွဲဆိုခံထားရသူ ၃ ဦးထိရှိနေပြီး ၄င်းတို့မှာ ဖမ်းဝရမ်းထုတ်ခံထားရသည်။

၎င်းတို့အားလုံးကိုမန္တလေးမြို့၊ အမှတ် ၁၁ ရဲစခန်းမှ ဒုရဲမှူး ဇော်နိုင်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ဂ)၊ ၅၂(က) တို့ဖြင့် မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Western News- WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်